သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဟု CRPP ယူဆ


မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဟု CRPP ယူဆ
မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဟု CRPP ယူဆ

လက်ရှိ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အနေအထားတွေအရ မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်ဘူး၊ လက်ခံဖို့ မဖြစ်နိုင်ဘူးလို့ CRPP ပြောပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ဆန်းစစ်ပြီး အာဆီယံအဖွဲ့ကြီး အနေနဲ့ တာဝန်ပေးဖို့ကို စဉ်းစားဖို့ ကောင်းတယ်လို့လည်း CRPP အဖွဲ့က ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ ကိစ္စကို မြန်မာအစိုးရ ကိုယ်တိုင်က လိုလိုလားလား လက်ခံချင်တယ်ဆိုတဲ့ သဘောထားတွေ ရှိကြောင်း အခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးလို့ CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“လောလောဆယ် နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးစံ၊ လူ့အခွင့်အရေး စံတွေနဲ့ကတော့ ဖြစ်လာဖို့ လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ တခြား နိုင်ငံရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း လောလောဆယ်မှာတော့ မရှိဘူးပေါ့။

“ဒါကြောင့် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့အတွက် မြန်မာနိုင်ငံက တောင်းဆိုလာတဲ့ အခါမှာ အာဆီယံ အနေနဲ့ လက်ခံသင့်၊ မခံသင့် စဉ်းစားတဲ့အခါမှာ ကုလသမဂ္ဂရဲ့ နောက်ဆုံး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ အတော်လေး ပြည့်လည်း ပြည့်စုံတယ်၊ ကောင်းလည်းကောင်းတယ်၊ အဲဒီ အချက်အလက်တွေကို စံနမူနာ ထားပြီးတော့ စဉ်းစားဖို့ သင့်တယ်လို့ အန်ကယ်တို့ အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ကြပါတယ်။”

အခုတက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အတိုက်အခံတွေရော တိုင်းရင်းသား အဖွဲ့တွေပါ အားလုံးပါဝင်တဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်တခု တကယ်ဖြစ်လာမှသာ စဉ်းစားသင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့အတူ AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကလည်း ဝေဖန် ကန့်ကွက်နေတာပါ။ အခုဆိုရင် စစ်အုပ်ချုပ်မှုကနေ အရပ်သား အစိုးရ ပြောင်းလိုက်တာ တလကျော်ကြာ ရှိနေပြီ ဖြစ်ပေမဲ့ နိုင်ငံတွင်းမှာ တိုးတက်တဲ့ နိုင်ငံရေး အပြောင်းအလဲ မပြနိုင်သေးသလို အခြေခံကျတဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတယ်ဆိုတဲ့ ကိစ္စတွေကိုတောင် မလုပ်သေးဘူးလို့လည်း ထောက်ပြကြပါတယ်။

အာဆီယံ အစည်းအဝေးအတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ လုပ်လာမယ် ဆိုရင်လည်း အရင် စစ်အစိုးရ လက်ထက်ကလို ဟန်ပြလုပ်ရပ်တခု မဖြစ်လာဖို့ လိုတယ်လို့ ဦးအေးသာအောင်က ဆိုပါတယ်။

“အဓိက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် အားလုံးကို လွှတ်စေချင်တယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာနိုင်လိမ့်မယ်လို့တော့ အန်ကယ်တို့ မယုံရဲဘူးပေါ့။ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တခြား အကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့တော့ အန်ကယ်တို့ မျှော်လင့်ထားတယ်။”

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံ မဖြစ်သင့်သေးဘူးဆိုတဲ့ အခုလို သုံးသပ်ချက်တွေအပြင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကိုလည်း CRPP အဖွဲ့ဝင်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် တိုင်းရင်သားပေါင်းစုံ ပါဝင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးတခု ဖြစ်လာဖို့၊ ၂၁ ပင်လုံညီလာခံ ပေါ်ပေါက်လာရေးအတွက် စတင်နိုင်မယ့် အစီအစဉ်တွေကိုလည်း CRPP အဖွဲ့တွေ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

“၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်လို့ ပညာရှင်များဆီက စာတန်းတွေ တောင်းမယ်။ ဥပမာ ပညာရှင်ဆိုတဲ့ နေရာမှာ ပြည်တွင်းရော၊ ပြည်ပရောပေါ့။ အဲဒီပညာရှင်တွေကနေ ဒီစာတန်းကို ကိုယ်တိုင်လည်း လာဖတ်နိုင်တယ်၊ သို့မဟုတ် စာတန်းကို ပို့ပေးမယ် ဆိုရင်လည်း ဒီမှာပဲ စာတန်းကို ဖတ်မယ်ပေါ့။ အဲဒါကတော့ အဓိက အချက်အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ပါတယ်။ ဒီစာတန်းပါ အချက်အလက်တွေကို စာအုပ်အနေနဲ့ ထုတ်ရင်လည်း ထုတ်မယ်၊ ပြီးတော့မှ အန်ကယ်တို့ ၂၁ ရာစု ပင်လုံနဲ့ ဆက်လုပ်စရာ ရှိတာတွေကို ဆက်လုပ်မယ်ပေါ့။”

CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် စနေ၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ အခု အင်ဒိုနီးရှားနိုင်ငံကို ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ လမ်းပြမြေပုံ အဆင့်အတိုင်း ဆောင်ရွက်ခဲ့တာ အောင်မြင်မှုတွေ ရခဲ့တယ်လို့ မနေ့က အင်ဒိုနီးရှား သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့သလို မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုတာမို့ ဝိုင်းဝန်း ထောက်ခံပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG