သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီဖေါ်ဆောင်နေသ၍ အာစီယံဥက္ကဋ္ဌ မြန်မာ တာဝန်ယူရေး ကန့်ကွက်ဖို့မရှိ


ဒီမိုကရေစီဖေါ်ဆောင်နေသ၍ အာစီယံဥက္ကဋ္ဌ မြန်မာ တာဝန်ယူရေး ကန့်ကွက်ဖို့မရှိ
ဒီမိုကရေစီဖေါ်ဆောင်နေသ၍ အာစီယံဥက္ကဋ္ဌ မြန်မာ တာဝန်ယူရေး ကန့်ကွက်ဖို့မရှိ

လာမယ့် ၂၀၁၄ ခုနှစ်ကျရင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာက တာဝန်ယူချင်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီမိုကရေစီဆိုင်ရာ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် ဆက်ပြီး လုပ်နေသရွေ့ ကန့်ကွက်စရာ မရှိဘူးလို့ အင်ဒိုနီးရှား သမ္မတက ပြောလိုက်ပါတယ်။

အာဆီယံ ခေါင်းဆောင်တွေက မူအားဖြင့် ကန့်ကွက်စရာ မရှိဘူးလို့ ဒီကနေ့ ပြီးဆုံးခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ် အခမ်းအနားမှာ အင်ဒိုနီးရှား သမ္မတက ပြောခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူရေး မေတ္တာရပ်ခံချက်ကို အာဆီယံ ခေါင်းဆောင်တွေက အာဆီယံအသင်းရဲ့ မူတွေကို အခြေခံပြီး စဉ်းစားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အစိုးရသစ် ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း နိုင်ငံရေးနဲ့ တခြား တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရေး အာဆီယံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို အားပေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း မြန်မာပြည်ကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတယ် ဆိုပေမဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးရေး၊ မပေးရေး နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ နောက်နေ့တွေမှပဲ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ လာအိုနိုင်ငံက မြန်မာကို အာဆီယံဥက္ကဋ္ဌ လုပ်ခွင့်ပေးဖို့ အဆို တင်သွင်းခဲ့ပါတယ်။

မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မရှိလို့ ၂၀၀၅ ခုနှစ်က အာဆီယံ ဥက္ကဋ္ဌလုပ်ဖို့ ကိစ္စမှာ ကန့်ကွက်မှုတွေ ကြုံခဲ့ပါရတယ်။ အခုလောလောဆယ်မှာလည်း လူ့အခွင့်အရေး အုပ်စုတွေက ဆက်ပြီး ကန့်ကွက်နေကြပါတယ်။

မြန်မာကို အာဆီယံဥက္ကဋ္ဌ အနေနဲ့ လက်ခံလိုက်မယ်ဆိုရင် အာဆီယံ အသင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်လက်ခံနိုင်တဲ့ အဖွဲ့အစည်း အဆင့်ကနေ လျော့ကျသွားလိမ့်မယ်လို့ AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က သတိပေးထားပါတယ်။

XS
SM
MD
LG