သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ အဆင်သင့် မဖြစ်သေး


မြန်မာကို ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ အဆင်သင့် မဖြစ်သေး
မြန်မာကို ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ အဆင်သင့် မဖြစ်သေး

အာဆီယံအဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံကို ပေးရေး မပေးရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့က မဆုံးဖြတ်နိုင်သေးဘူးလို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါ (Marty Natalegawa) က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူဖို့ တကယ်ပဲ အသင့်ဖြစ်နေပြီလား ဆိုတာကို လက်ခံနိုင်လောက်တဲ့ အဆင့်ရောက်ဖို့ လိုသေးတဲ့အတွက် အခုနောက်ဆုံး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲမှာ ဆုံးဖြတ်ချက် မချတာ ဖြစ်တယ်လို့ ဝန်ကြီး နာတာလေဂါဝါက တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အာဆီယံ ဒေသတွင်း လုံခြုံရေး စည်းဝေးပွဲ လာတက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဂျကာတာမြို့တော်မှာ တွေ့ဆုံအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောသွားတာပါ။

အဖွဲ့ဝင်နိုင်ငံတွေ အားလုံး တသားတည်း ဖြစ်နိုင်မယ့် စီးပွားရေး အသိုင်းအဝိုင်းကြီးအဖြစ် ၂၀၁၅ ခုနှစ် မကုန်ခင် ဖော်ဆောင်နိုင်အောင် ရည်ရွယ်ထားတာမို့ ဒီ့မတိုင်ခင် ၁ နှစ်အလို ၂၀၁၄ ခုနှစ်မှာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံက ယူမှာကို စိတ်ချလက်ချ ရှိသလားဆိုတဲ့ အပေါ်မှာ ဆွေးနွေးစရာတွေ အများကြီး ရှိသေးတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ဒီမိုကရေစီ ဖော်ဆောင်ရေးကို မြန်မာနိုင်ငံက လုပ်နေဆဲပဲလို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါက ပြောကြားသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဘက်က သဘာဝကျတဲ့ အကြံပြုချက်တွေ၊ စိုးရိမ်ချက်တွေကို ပြန်လည် တုံ့ပြန်နိုင်မယ့် သူတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေ လက်တွေ့ ခံစားနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့လည်း အမေရိကန်က ဆက်လက် ဖိအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG