သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဥက္ကဋ္ဌအရေး အကဲဖြတ်ဖို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်


အာဆီယံဥက္ကဋ္ဌအရေး အကဲဖြတ်ဖို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်
အာဆီယံဥက္ကဋ္ဌအရေး အကဲဖြတ်ဖို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်

မြန်မာနိုင်ငံဟာ လာမယ့် ၂၀၁၄ ကျရင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူလိုတယ်လို့ ကမ်းလှမ်းထားချက်အပေါ် ဖြစ်သင့် မသင့် အကဲဖြတ် စုံစမ်းဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မကြာခင် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံ အမတ်များအဖွဲ့ အပါအဝင် ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့ အတော်များများကတော့ မြန်မာနိုင်ငံဟာ လက်ရှိ အခြေအနေအတိုင်းဆိုရင် အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးလို့ မြင်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ဦးဆောင်မယ့် အကဲဖြတ် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်ဖို့ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားထားပြီးပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူနိုင် မနိုင် ဆိုတာကို အကဲဖြတ် လေ့လာဖို့အတွက် မြန်မာနိုင်ငံကို အာဆီယံ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကတည်းက ဆုံးဖြတ်ခဲ့ပြီးသားပါ။

ဒါပေမဲ့ ဘယ်တော့ သွားရောက်မလဲဆိုတဲ့ ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မိုက်ကယ် တင်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင် ဖိတ်ကြားစာတော့ ရထားပြီးပါပြီ။ ဒါပေမဲ့ မြန်မာရော အင်ဒိုနီးရှားဘက်ကရော နှစ်ဘက်စလုံးအတွက် အဆင်ပြေမယ့်နေ့ကို ရွေးချယ်နေတုန်းပါ။ ဒါကြောင့် ဘယ်တော့ သွားဖြစ်မလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။ မြန်မာဘက်က ဖိတ်စာတော့ ရထားပြီးပြီမို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အနေနဲ့တော့ မကြာခင် သွားဖြစ်မှာပါ။”

မြန်မာနိုင်ငံတွင်း အစုအဖွဲ့အားလုံး ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စေဖို့နဲ့ မကြာခင်တုန်းက မြန်မာအစိုးရဝန်ကြီး ဦးအောင်ကြည်နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တဲ့ တိုးတက်မှု ဖြစ်ရပ်တွေကို အင်ဒိုနီးရှား အနေနဲ့ အားပေး ထောက်ခံတယ်လို့ အင်ဒိုနီးရှား ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမဲ့လည်း အခု အကဲဖြတ်အဖွဲ့ အနေနဲ့ ဘယ်လိုစံနှုန်းထားပြီး မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သင့်တယ်ဆိုတာကို တိုင်းတာမလဲဆိုတဲ့ အပေါ်မှာ မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။

AIPMC ခေါ်တဲ့ မြန်မာ့အရေး အာဆီယံအမတ်များ အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ် အင်ဒိုနီးရှား လွှတ်တော်အမတ် တဦးလည်းဖြစ်တဲ့ မစ်စ် အီဗာ ဆွန်ဒါရီ (Ms.Eva Sundari) ကတော့ ခိုင်မာတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို မြင်ရဖို့ လိုတယ်လို့ ပြောပါတယ်။

“အကဲဖြတ်အဖွဲ့ အနေနဲ့ အာဆီယံကို အစီရင်ခံစာ ပြန်တင်ရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သင့်ပြီ ဆိုတာကို သူတို့ ဘယ်လိုတိုင်းတာ အကဲဖြတ်မလဲ၊ ဘာတွေ လေ့လာစောင့်ကြည့်မလဲ ဆိုတဲ့အပေါ်မှာတော့ ကျမ စိုးရိမ်မိပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် မယူခင်မှာ မြန်မာအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံ စကားပြောပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တိုးတက်မှုတွေ လုပ်ပြဖို့တော့ လိုပါတယ်။ ဒီအချက်တွေကို တိုင်းတာ စောင့်ကြည့်မှု မလုပ်ရင်တော့ အကဲဖြတ်အဖွဲ့ရဲ့ ခရီးစဉ်က အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် နိုင်ငံတကာမှာ အမည်းစက် ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူလာရင် အာဆီယံနဲ့ အခြား နိုင်ငံတကာ ဆက်ဆံရေးမှာ ထိခိုက်လာနိုင်သလို အာဆီယံအတွက်လည်း မျက်နှာပျက်စရာ ဖြစ်မယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့ အတော်များများကတော့ အာဆီယံကို မြန်မာ့အရေး ပြောင်းလဲအောင် အရင်လုပ်ဖို့ ဖိအား ဝိုင်းပေးနေကြပါတယ်။

အင်ဒိုနီးရှား လွှတ်တော်အမတ် အီဗာကတော့ အခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေအတိုင်း ဆိုရင် မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးလို့ ယူဆပါတယ်။

“မြန်မာနိုင်ငံ လက်ရှိအခြေအနေ ပြောရရင်တော့ စိတ်မချမ်းသာစရာပါ။ နယ်စပ်တလျှောက်မှာ ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အထိန်းသိမ်း ခံနေရဆဲပါ။ တိုင်းရင်းသား လူနည်းစု အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်တယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။

“အခု သူတို့ လွှတ်တော်ဆိုတာကလည်း တကယ်တမ်း လွှတ်တော်တရပ် အနေနဲ့ နိုင်ငံတကာ စံအတိုင်း လုပ်နိုင်ကိုင်နိုင်ချေ မရှိပါဘူး။ ဒါကြောင့် AIPMC အပါအဝင် အင်ဒိုနီးရှားမှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ အချိန်မကျသေးဘူးလို့ ယူဆထားပါတယ်။”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ အခု မြန်မာနိုင်ငံသွားပြီး လေ့လာတွေ့ရှိချက်တွေကို လာမယ့် စက်တင်ဘာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တင်ပြဖွယ် ရှိပါတယ်။ အဆုံးအဖြတ်ကိုလည်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲကနေ ပေးလိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မိုက်ကယ် တင်းက ပြောပါတယ်။

“အာဆီယံ ထိပ်သီးညီလာခံမှာ ဒီကိစ္စကို ဆွေးနွေးကြရမှာပါ။ မြန်မာအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်ဖို့ သူ့ မူလအစီအစဉ်ထက် စောပြီး တာဝန်ယူချင်တယ်ဆိုတဲ့ တောင်းဆိုချက် အပေါ်မှာတော့ အာဆီယံ အတွင်းမှာ ဆုံးဖြတ်ချက် တခုခု မချရသေးပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံး အပြုသဘောနဲ့ အလေးအနက်ထား စဉ်းစားနေတယ် ဆိုတာက ထုတ်ပြန်ထားပြီးသားပါ။ ဆုံးဖြတ်ချက်ကတော့ ထိပ်သီးညီလာခံမှာပဲ ဆုံးဖြတ်ပါလိမ့်မယ်။”

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေကြောင့် ၂၀၀၆ ခုနှစ်တုန်းက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။ အခုတော့ ရွေးကောက်ပွဲ အသစ်ကနေ အရပ်သား အစိုးရတရပ် ဖြစ်လာတာကို အကြောင်းပြပြီး ပုံမှန် အလှည့်ကျတာဝန် ယူရမယ့် အချိန်ထက်စောပြီး လာမယ့် ၂၀၁၄ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန် ယူလိုတယ်ဆိုပြီး အာဆီယံကို မြန်မာအစိုးရသစ်က ကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာကထားတဲ့ သံသယနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံ ၂၀၁၄ အာဆီယံဥက္ကဋ္ဌဖြစ်ရေး ကိစ္စကို ကန့်ကွက်ဝေဖန်မှုတွေ ဒေသတွင်းမှာတင် ရှိနေပါတယ်။

XS
SM
MD
LG