သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ် စေလွှတ်ဖွယ်ရှိ


လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)
လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးကို စစ်ကောင်စီက ကိုယ်စားလှယ် စေလွှတ်မယ်လို့ သတင်းထွက်နေပါတယ်။ Luang Prabang မှာ ဒီကနေ့ တနင်္ဂနွေနေ့ စတင်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတဦး စေလွှတ်ဖို့ရှိနေကြောင်း သံတမန်သတင်းရင်းမြစ်ကိုးကားပြီး ဒီကနေ့ထုတ် ကျိုဒိုသတင်းမှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချ အာဏာသိမ်းခဲ့ပြီး ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ နိုင်ငံရေး ပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက်တွေ ချမှတ်ထားပေမဲ့ စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး အဆင့်မြင့် အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားပြုတဲ့ နိုင်ငံရေးအရ ရာထူးတာဝန်ယူထားသူတွေကို တက်ရောက်ခွင့်မပေးပဲ ကန့်သတ်ထားတာပါ။

စစ်ကောင်စီကလည်း ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ အာဆီယံ ထိပ်သီးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိခဲ့ပါဘူး။ ဒီနှစ်မှာ အာဆီယံအသင်းရဲ့ အလှည့်ကျ ဥက္ကဌဖြစ်လာတဲ့ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် ၂ ရက်ကြာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျမှသာ စစ်ကောင်စီက ကိုယ်စားလှယ် စေလွှတ်မယ့် သတင်းထွက်ပေါ်လာတာပါ။

တနင်္ဂနွေနေ့ နှောင်းပိုင်းအချိန်အထိတော့ အာဆီယံ အစည်းအဝေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

XS
SM
MD
LG