သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာစာတမ်းထုတ်ပြန်


မြန်မာနိုင်ငံ၊ နေပြည်တော်မှာကျင်းပတဲ့ (၂၄) ကြိမ်မြောက် အာဆီယံဆယ်နိုင်ငံ ထိပ်သီးအစည်းအဝေးတက်ရောက်လာသော နိုင်ငံခေါင်းဆောင်များ။ (မေ ၁၁၊ ၂၀၁၄)
မြန်မာနိုင်ငံ၊ နေပြည်တော်မှာကျင်းပတဲ့ (၂၄) ကြိမ်မြောက် အာဆီယံဆယ်နိုင်ငံ ထိပ်သီးအစည်းအဝေးတက်ရောက်လာသော နိုင်ငံခေါင်းဆောင်များ။ (မေ ၁၁၊ ၂၀၁၄)
၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကနေ အာဆီယံနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မယ့် နေပြည်တော်ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံက ဆောင်ရွက်နေတာတွေနဲ့ မျှော်မှန်းချက်တွေကို သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေဟာ နေပြည်တော် ကြေညာစာတမ်းကို အတည်ပြုနိုင်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့ပါတယ်။

“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုင်းအဝိုင်းကို အကောင်အထည်ဖော်ရေးဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံနိုင်ငံ ခေါင်းဆောင်များအနေနဲ့ အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။”

ဒီကြေညာစာတမ်းမှာ ကျယ်ပြန့်တဲ့ ကဏ္ဍစုံအတွက် အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံက ခေါင်းဆောင်တွေဟာ နောင်မှာ အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။ ၂၀၁၄ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ မျှော်မှန်းချက်တွေကိုလည်း သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ပြည်သူကို ဗဟိုပြု ဖွံ့ဖြိုးတိုးတက်စေတဲ့ နည်းဗျူဟာနဲ့အတူ ပြည်သူကို ဗဟိုပြုတဲ့ အာဆီယံဖြစ်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အာဆီယံကိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ အသိုက်အဝန်းတစ်ခုဖြစ်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများရဲ့ ခိုင်မာတဲ့ စည်းရုံးညီညွတ်မှုကို ထိန်းသိမ်းထားဖို့လည်း အရေးကြီးလှပါတယ်။”

ပြည်သူကို ဗဟိုပြုတဲ့ အာဆီယံဖြစ်ရေး၊ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ အသိုင်းအဝိုင်းဖြစ်ဖို့အတွက် စည်းလုံးညီညွတ်မှုရဖို့ အရေးကြီးကြောင်း၊ ပဋိပက္ခနဲ့ ဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိတဲ့ အာဆီယံဖြစ်ဖို့အတွက် ရည်မှန်းချက်တွေ ချထားခဲ့ပြီး ဒီရည်မှန်းချက်တွေရဖို့ မြန်မာနိုင်ငံက အလေးပေး ဆောင်ရွက်သွားရမယ့် ကဏ္ဍတွေကိုလည်း အခုလို သတ်မှတ်ခဲ့ပါတယ်။

“၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်များကို စုစည်း အကောင်အထည်ဖော်သွားဖို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများကို ၂၁ ရာစု အာဆီယံစီးပွားရေး တိုးတက်မှုရဲ့ပင်မ သွေးကြောဖြစ်လာသည်အထိ အားပေးလုပ်ဆောင်သွားဖို့၊ အဖွဲ့ဝင်နိုင်ငံများကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရက်ဖို့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့၊ ပဋိပက္ခနဲ့ ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိစွာ ဖြေရှင်းရင်ဆိုင်နိုင်ရန် ဆွေးနွေးဘက် နိုင်ငံများနဲ့ ဟန်ချက်ညီစွာ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်သွားဖို့၊ လက်တွေ့ရရှိနိုင်မယ့် ရလဒ်များကို မျှော်မှန်းထားဖို့အတွက်ပဲဖြစ်ပါတယ်။”

နေပြည်တော်ကြေညာစာတမ်းအရ လက်ရှိ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ဒေသ ကိစ္စကို အင်အားမသုံးဘဲ ကိုယ့်ဖာသာကိုယ် ခုခံကာကွယ်ဖို့အတွက် တောင်းဆိုထားပါတယ်။ အာဆီယံအဖွဲ့ကြီးမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့ပြီးချိန်ကစလို့ ၁၇ နှစ် သက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်မှာ အခုလို ထိပ်သီးအစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ပြီး ကြေညာစာတမ်း ထုတ်ပြန်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။
XS
SM
MD
LG