သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေး ASEM ညီလာခံမှာ ဆွေးနွေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ASEM အစည်းအဝေး ကျင်းပနေစဉ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီကနေ့ စတင်ကျင်းပတဲ့ အာရှနဲ့ ဥရောပ နိုင်ငံများရဲ့ ASEM အစည်းအဝေးကို တက်ရောက်ကြတဲ့ ဥပရောနိုင်ငံတွေက ခေါင်းဆောင်တွေ အနေနဲ့ ဒီအစည်းအဝေးမှာ မြန်မာ့အရေးကို ထည့်သွင်းပြောဆိုဖို့အတွက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း တောင်းဆိုနေကြပါတယ်။ ဒါ့အပြင် ဒီ ASEM အစည်းအဝေးကို တက်ရောက်မယ့် ဗြိတိန် ဒုတိယ၀န်ကြီးချုပ်ကလည်း မြန်မာပြည်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ဖို့အတွက် ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဘရပ်ဆဲလ်မှာ တနင်္လာနေ့ကစပြီး ၂ ရက်ကြာ ကျင်းပမယ့် ဒီ ASEM အစည်းအဝေးမှာ ဘယ်လ်ဂျီယံနိုင်ငံ အနေနဲ့ မြန်မာ့မိတ်ဆွေ အာဆီယံ နိုင်ငံတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်အရေး ဆွေးနွေးပြောဆိုဖို့နဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို လက်မခံနိုင်ကြောင်း ပြောဆိုဖို့ ဘရပ်ဆဲလ် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Actions Birmanie ရဲ့ ဥက္ကဋ္ဌ ပြဲ ယီလေ့ဖ် (Pierre-Yves Gillet) က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“ဘယ်လ်ဂျီယံနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်နေတဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အထူးသဖြင့် စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားတို့ရဲ့ သံတမန်တွေနဲ့ တွေ့ဆုံပြီးတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောကြားဖို့ လိုပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ လက်ဆုပ်လက်ကိုင် အရေးယူတာတွေကို မတွေ့ရသေးပါဘူး။

“ဘယ်လ်ဂျီယံဟာ ဥရောပရဲ့ အသံကို ကိုယ်စားပြုတဲ့အတွက် ပြင်းပြင်းထန်ထန် ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ အာဆီယံက ဥရောပရဲ့ အသံကို စောင့်နားထောင်နေမှာ ဖြစ်ပါတယ်။ အာဆီယံ ၈ ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အခြေအနေ အကြောင်းကို မဖြစ်မနေ ထည့်သွင်း ဆွေးနွေးရမှာပါ။ ဒီလိုမဟုတ်ရင်တော့ အစိုးရတွေ အနေနဲ့ တာဝန်မဲ့ရာ ရောက်ပါတယ်။”

Actions Birmanie ရဲ့ ဥက္ကဋ္ဌ ပြဲ ယီလေ့ဖ် ပြောပြသွားတာ ဖြစ်ပါတယ်။

တခါ ဒီ ASEM အစည်းအဝေးကို တက်ရောက်မယ့် ဗြိတိန် ဒုတိယ၀န်ကြီးချုပ် နစ်ခ် ခလတ်ဂ် (Nick Clegg) ကလည်း ဒီ ASEM အစည်းအဝေးမှာ တက်ရောက်ကြမယ့် အာရှနဲ့ ဥရောပက ခေါင်းဆောင်တွေကို မြန်မာပြည်သူတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ဆန့်ကျင်တဲ့အသံ တသံတည်း ထွက်ကြဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၀မ်းနည်းစရာ ကောင်းတာက ဒီရွေးကောက်ပွဲဟာ ထင်ထားသလို ဖြစ်မလာဘဲ ၅၅ သန်းသော မြန်မာပြည်သူတွေဟာလည်း ရက်စက်ဖိနှိပ်မှုတွေကို ဆက်ပြီးတော့ ခံစားကြရမှာဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ သူတို့ရဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် အရှက်နည်းရာ ရောက်ပါလိမ့်မယ်လို့ မစ္စတာ နစ်ခ် ခလတ်ဂ်က Asian Tribune အင်တာနက် သတင်းစဉ်ကို ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ဘရပ်ဆဲလ်မှာ ၂ ရက်ကြာ ကျင်းပတဲ့ ဒီ ASEM အစည်းအဝေးကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်ခဲ့ပြီး သူ့ကို ဘယ်လ်ဂျီယံ အစိုးရက ကြိုဆိုခဲ့တဲ့အပေါ် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ Actions Birmanie က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

“ကျနော်တို့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ပါတယ်။ လူသားမျိုးနွယ်တွေအပေါ် လူ့အခွင့်အရေး ကျူးလွန်မှုတွေနဲ့ စစ်ရာဇ၀တ် ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို ကိုယ်စားပြုပြီးတော့ တက်ရောက်လာခဲ့တဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ဘယ်လ်ဂျီယံနိုင်ငံ အနေနဲ့ ကြိုဆိုတာကို ကျနော်တို့ ဘယ်လိုမှ လက်သင့် မခံနိုင်ပါဘူး။ အာရှနဲ့ ဥရောပနိုင်ငံများရဲ့ ASEM အစည်းအဝေးပွဲက လက်ရှိ ဒီအခြေအနေကို ဘယ်လ်ဂျီယံ နိုင်ငံသားတွေ အားလုံးက ကန့်ကွက်တာပါ။ ဒါ့အပြင် ဒီ ASEM အစည်းအဝေးပွဲကို မြန်မာစစ်အစိုးရ ကိုယ်စားလှယ် လုံးဝ မတက်ရောက်သင့်ဘူးလို့လည်း ကျနော်တို့ သဘောပေါက် လက်ခံထားပါတယ်။”

ဒါ့အပြင် ဗြိတိန်အခြေစိုက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးနဲ့ အာဖရိကက နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့အပါအ၀င် လူပေါင်း ၅,၀၀၀ လောက်ကလည်း ဗြိတိန် ဒုတိယ၀န်ကြီးချုပ် နစ်ခ် ခလတ်ဂ် ဆီကို ဓာတ်ပုံတွေနဲ့ ဖော်ပြထားတဲ့ မေတ္တာရပ်ခံချက်ပေါ်မှာ လက်မှတ်ရေးထိုးပြီး မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်အောင် မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း Amnesty International ပြောခွင့်ရပုဂ္ဂိုလ် နီးလ် ကူပါး (Niel Cooper) က ဗွီအိုအေကို အခုလို ပြောဆိုခဲ့ပါတယ်။

“အခြေခံအားဖြင့်တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မီးမောင်းထိုးပြထားပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးလှုပ်ရှားခွင့် မရှိတာ၊ နိုင်ငံရေး အကျဉ်းသားတွေ မြန်မာအကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှဉ်းပန်း ခံရတာတွေ ပါရှိပါတယ်။ ဒီကနေ့ တင်သွင်းခဲ့တဲ့ တောင်းခံလွှာမှာ ထူးခြားတာကတော့ Amnesty လှုပ်ရှားမှုတွေနဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ ဒက်စ်မွန် တူးတူးတို့ အပါအ၀င် စုစုပေါင်း လူ ၅,၀၀၀ တို့ရဲ့ ရုပ်ပုံလွှာတွေ ပါပါတယ်။ တဦးဆီရဲ့ လက်ဖ၀ါးပေါ်မှာ နိုင်ငံရေး အကျဉ်းသား နာမည်တွေ ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး စသူတွေရဲ့ နာမည်တွေ ပါပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သွေးစည်းနိုင်မှုကို ပြသနိုင်ဖို့ ဖြစ်ပါတယ်။”

ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံနဲ့ အာရှက ၁၆ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဒီ ASEM အစည်းအဝေးကို ဒီကနေ့ စတင်ခဲ့တာဖြစ်ပြီး ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ကမ္ဘာ့စီးပွားရေးပိုင်း အုပ်ချုပ်မှု၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအပြင် လူ့အခွင့်အရေး၊ အာရှနဲ့ ဥရောပ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေးနဲ့ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် ကာကွယ်ရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG