သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ်ရေး အစွမ်းကုန်ဆောင်ရွက်ပေးဖို့ အစိုးရကို မိသားစု တောင်းဆို


ဦးကိုနီ သမီးအကြီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်
ဦးကိုနီ သမီးအကြီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်

ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်မှုအတွက် စစ်မှန်တဲ့ အမှန်တရား ပေါ်ပေါက်လာဖို့ အစွမ်းကုန် ဆောင်ရွက်ပေးကြပါလို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။ မြန်မာ အစိုးရ အစီအစဉ်နဲ့ နိုင်ငံတကာ ခရီးစဉ်က အပြန် ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရတဲ့ ရှေ့နေကြီး ဦးကိုနီ ဟာ မိသားစု အတွက်တော့ သူရဲကောင်း ဖြစ်သလို သူ့ရဲ့ ဆောင်ရွက်ချက်တွေကို ဝမ်းသာ ဂုဏ်ယူနေမှာ ဖြစ်တယ်လို့ မိသားစုက ပြောဆိုလိုက်ပါတယ်။

AP သတင်းဌာနက ရရှိထားတဲ့ မိသားစုနဲ့ တွေ့ဆုံမေးမြန်းခန်းကိုတော့ မသိင်္ဂ ီထိုက်က ပြန်လည် ပြောပြပေးမှာပါ။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုမှာ စစ်မှန်တဲ့ အမှုမှန် ပေါ်ပေါက်အောင် အစွမ်းကုန် ဆောင်ရွက်ပေးပါလို့ မိသားစုက တောင်းဆိုလိုက်တာပါ။ လုပ်ကြံခံခဲ့ရတဲ့ ရှေ့နေကြီး ဦးကိုနီရဲ့ သမီးဖြစ်သူ ဒေါ်ယဉ်နွယ်ခိုင်က အခုလို ပြောတာပါ။

“ကျမ အမြဲတမ်း ဒီတခုပဲ တောင်းဆိုနေတာပါ။ အဖေကလည်း ဒီတခုတည်းကိုပဲ တောက်လျှောက် တောင်းဆိုနေတာပါပဲ။ အမှန်တရားကို တောင်းဆိုရင်းနဲ့ သူလည်း အသက်ပေးသွားတယ်။ ကျမလည်း အခုဖြစ်ရပ်ကြီးအတွက် အမှန်တရားတခု စစ်မှန်တဲ့ အမှန်တရားတခု ကျမတို့ လိုချင်ပါတယ်။ အဲဒီဟာကိုတော့ ရေစုံမြေစုံထိ လိုက်ပေးကြပါလို့။”

ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရပြီး ၂ ရက် အတွင်းမှာဘဲ လုပ်ကြံမှုနဲ့ ဖမ်းဆီးထားတဲ့ ဦးကြည်လွင်ရဲ့ ထွက်ဆိုချက်လည်း ပေါက်ကြားထွက်လာပါတယ်။ ပေါက်ကြားထွက်လာတဲ့ ထွက်ဆိုချက်အရတော့ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဦးမြင့်ဆွေ ဆိုသူက ဦးကိုနီကို သတ်ပေးရင် ကားပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့ အပြင် သေနတ် ၂ လက်ကိုပါ ပေးခဲ့တယ်လို့ သေနတ်သမား ဦးကြည်လွင်က ထွက်ဆိုထားတာပါ။ အာဏာပိုင်တို့က တရားဝင် ထုတ်ပြန်တာ မဟုတ်ပေမယ့် ပေါက်ကြားထွက်လာတဲ့ အချက်ဟာ မှန်ကန်တယ်လို့တော့ အာဏာပိုင်တို့က အတည်ပြုပါတယ်။ ပေါက်ကြားထွက်လာတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။ ရှေ့နေကြီး ဦးကိုနီရဲ့ သမီးဖြစ်သူ မယဉ်နွယ်ခိုင် ကတော့ နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူ အတွက် မိသားစုမှာ ရတက်မအေးခဲ့ရဘူးလို့ ပြောဆိုပါတယ်။

“ကျမတို့ကကြတော့ နိုင်ငံရေးလုပ်တဲ့အတွက် သူ့မှာအန္တရာယ်တွေဖြစ်လာမှာကို စိုးတာပေါ့နော်။ အန္တရာယ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် သတိပေးတယ်။ အပွင့်လင်းဆုံးပြောရရင် သူနိုင်ငံရေးလုပ်နေတာ ကျမတို့ မိသားစုက စိတ်ပူတယ်ပေါ့နော်။ မလုပ်စေချင်ဘူး။ အေးအေးဆေးဆေးနဲ့ အေးအေးချမ်းချမ်းလေး မိသားစုဘဝလေးအဖြစ် နေစေလိုတယ်။”

ရှေ့နေကြီး ဦးကိုနီကို ဘာကြောင့် လုပ်ကြံရသလဲ ဆိုတာနဲ့ ဘယ်သူတွေ ပါဝင် ပတ်သက်သလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေါ်ယဉ်နွယ်ခိုင်ကတော့ ဖခင်ဖြစ်တဲ့ ဦးကိုနီ ဟာ မိသားစု အတွက်တော့ သူရဲကောင်း၊ သူ့ဆောင်ရွက်ချက်တွေ အတွက် မိသားစုက ဂုဏ်ယူနေတယ်လို့ ပြောဆိုပါတယ်။

“ကျမသူ့အတွက် ဂုဏ်ယူတယ်။ ဝမ်းသာတယ်။ သူဒီလို သူရဲကောင်းတယောက်အနေနဲ့ပေါ့နော်။ အခြားသူတွေအတွက် သူတို့ဘယ်လိုမြင်သလဲဆိုတာ ကျမ မသိပါဘူး။ ကျမရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ပြောမယ်ဆိုရင် ကျမအတွက်တော့ ကျမအဖေဟာ သူရဲကောင်းပါ။ သူရဲ့ ယုံကြည်ရာအတွက်ကို သူအသက်စွန့်သွားတယ်။ ကျမတို့ တားနေတဲ့ကြားက နိုင်ငံရေးကို အရှူးအမူးဝါသနာပါတယ်။ သူ့လူမျိုးတွေအတွက်၊ သူ့နိုင်ငံအတွက် အများကြီးသူလုပ်သွားပါတယ်။”

အစိုးရရဲ့ အစီအစဉ်နဲ့ ပြည်ပခရီးစဉ်ကို သွားရောက်ခဲ့ပြီး အပြန် လေဆိပ်မှာ မြေးဖြစ်သူကို ချီပိုးပြီး အိမ်ပြန်ဖို့ စောင့်နေစဉ် လုပ်ကြံခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ဖြစ်တဲ့ ရှေ့နေကြီး ဦးကိုနီ အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံက ဝမ်းနည်းကြောင်း သဝဏ်လွှာ၊ ဒါမှမဟုတ်လည်း ပန်းခြင်းတွေ ပို့ပေးခဲ့တာများ ရှိပါသလားလို့ AP သတင်းဌာနက မေးမြန်းတာမှာတော့ ဒေါ်ယဉ်နွယ်ခိုင်က အခုလို ဖြေကြားသွားပါတယ်။

“ကျမတော့ သတိမထားမိဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့လည်း အရမ်းရှုပ်နေတော့လေ။ ပုဂ္ဂိုလ်ရေးအရ ကျမတို့နဲ့တော့ မတွေ့သေးဘူး။ ဒါပေမဲ့ ပန်းခြင်းတွေဘာတွေ ရောက်မရောက်ဆိုတာကတော့ ရိုးသားစွာပြောတာ ကျမ မသိဘူး။”

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ရှေ့နေကြီး ဦးကိုနီ၊ နောက် သေနတ်သမားကို အုတ်ခဲနဲ့ ပစ်ပေါက် ဖမ်းဆီးဖို့ ကြိုးစားရင်း သေနတ်သမား လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ကိုနေဝင်းတို့ရဲ့ ဈာပဏ အခမ်းအနားတွေမှာတော့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ဒီလုပ်ကြံမှုဟာ နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားအောင် ရည်ရွယ်တယ်လို့ ကြေညာချက် တစောင် ထုတ်ခဲ့ သလို ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အမှုမှန်ပေါ်ရေး ဝိုင်းဝန်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG