သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စပါးအုံး အောင်လ စိန်ခေါ်သူ Hasegawa ကို အနိုင်ရ


စိန်ခေါ်သူ Ken Hasegawa ကို အလဲထိုးပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် (ဓါတ်ပုံ- Once Championship)
စိန်ခေါ်သူ Ken Hasegawa ကို အလဲထိုးပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် (ဓါတ်ပုံ- Once Championship)

မြန်မာ့စပါးအုံးလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ မနေ့က ဂျပန်နိုင်ငံမှာကျင်းပတဲ့ One Middleweight ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ စိန်ခေါ်သူ ဂျပန်နိုင်ငံသား Ken Hasegawa ကို အလဲထိုးပြီး MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်ကို ဆက်လက်ထိန်းသိမ်းလိုက်ပါတယ်။

ဒီကနေ့ခေတ်မှာ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသားတဦးအနေနဲ့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းရော၊ လိုက်ဟဲဗီးဝိတ်တန်းမှာပါ One Championship ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ် ဆုရှင်အဖြစ် ရပ်တည်နေပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မတ်လ (၃၁)ရက်နေ့က ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်လုပွဲအတွက် စိန်ခေါ်သူ ဂျပန်နိုင်ငံသား Ken Hasegawa ကို ဒုတိယအချီ ၄ မိနစ် ၄၁ စက္ကန့် အကြာမှာ အလဲထိုးနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ အောင်လအန်ဆန် အနိုင်ရကြောင်း ဒိုင်လူကြီးက ကြေညာသွားတာပါ။

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲမှာ အောင်လအန်ဆန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ဖို့ Ken Hasegawa က အောင်လအန်ဆန်ကို စိန်ခေါ်ခဲ့ပြီးနောက် အခုဂျပန်မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ Hasegawa ပဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရွှေခါးပတ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ အလွန်ဂုဏ်ယူကြောင်း မြန်မာအလံခြုံထားတဲ့ အောင်လအန်ဆန်က ပွဲစင်မြင့်ပေါ်ကနေ ပြောသွားပါတယ်။ ဒါအပြင် ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးရဖို့ ဆုမွန်ကောင်းတောင်းကြောင်းနဲ့ အတူတကွလက်တွဲ အလုပ်လုပ်ကြဖို့လည်း ပရိသတ်အားလုံးရှေ့မှောက်မှာ အခုလို အောင်လအန်ဆန်က ပြောပါတယ်။

“ကျနော်ရဲ့ မြန်မာ့ပရိသတ်တွေကို ကျနော်အလွန်ပဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကျနော်ဆုလည်း တောင်းတယ်၊ ဆန္ဒလည်းပြုပါတယ်။ ကျနော်တို့ အတူတကွ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို ကျနော်တို့ အောင်မြင်နိုင်ပါတယ်။ အခုဒီမှာလိုပေါ့။ ကျနော့်မှာ အကောင်းဆုံးကျနော်ရဲ့ အဖွဲ့ရှိနေပါတယ်။ Hard Knocks 365 အဖွဲ့က ကျနော့်ကို လေ့ကျင့်သင်ကြားပေးတာ တကယ့် ကောင်းပါတယ်။ ဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။”

သူ့ရဲ့ပြိုင်ပွဲကို လာရောက်အားပေးကြတဲ့ ဂျပန်ရောက် ကချင်တိုင်းရင်းသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ကချင်စကားနဲ့ အောင်လအန်ဆန်က ပြောသွားပါတယ်။

ကချင်တယောက်အနေနဲ့ Mixed Martial Art (MMA) ကိုယ်ခံပညာစုံ သုံးတဲ့ လက်ဝှေ့အားကစားလောကမှာ ကမ္ဘာ့ချန်ပီယံဆုတွေရပြီး အောင်မြင်နေတဲ့အတွက် အလွန်ပဲဂုဏ်ယူမိကြောင်း ကချင်အမျိုးသားအစည်းအရုံး-ဂျပန် ဥက္ကဌ Jangma John Myoaung က ဗွီအိုအေကို ပြောပါတယ်။

“တကမ္ဘာလုံးမှာရှိတဲ့ ကျနော်တို့ ကချင်တိုင်းရင်းသားအားလုံးကလည်း ဂုဏ်ယူ ဝမ်းမြောက်လျက်ရှိပါတယ်။ ကျနော်တို့ ကချင်လူမျိုးကို ပိုသိလာတယ်ဆိုတာမျိုး။ နောက်တချက်က ကျနော်တို့ ကချင်လူမျိုးတွေ ဂုဏ်တက်သလို ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွက်လည်း သူက ပြည်ထောင်စုမြန်မာနိုင်ငံအတွက်လည်း သူူက အလံကို ခြုံပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ကိုယ် စား ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့အတွက်ကြောင့် ဘာပဲပြောပြော ကျနော်တို့ ကျနော်တို့ နိုင်ငံကလည်း ဂုဏ်တက်တယ် အားလုံးပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကလည်း ဂုဏ်ယူဝမ်းမြောက်ကြမယ်လို့ မျှော်လင့်ပါတယ်။”

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ One Championship ရဲ့ လက်ရှိ ပွဲစဉ်မှာ ရွှေခါးပတ်ကို ဆက်ပြီးထိန်းသိမ်းထားတဲ့ အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန် ဟာ MMA မှတ်တမ်းအရ ပွဲပေါင်း ၂၅ ပွဲကို အနိုင်ရခဲ့ပြီး ၁၀ပွဲ ရှုံးထားပါတယ်။ Ken Hasegawa ကတော့ ပွဲပေါင်း ၁၆ ပွဲနိုင်ထားပြီး ၄ ပွဲရှုံးနဲ့ တပွဲ သရေ ရထားပါတယ်။

မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းမှာပါ နှစ်ထပ်ကွမ်း ရွှေခါးပတ်ရထားတဲ့ အောင်လအန်ဆန်ကို တိုကျိုက ပွဲစဉ်အပြီးမှာ MMA လောကမှာ နာမည်ကြီးနေတဲ့ အမေရိကန်-ဖိလစ်ပိုင် နွယ်ဖွား အသက် (၄၁)နှစ်အရွယ် လိုက်ဟဲဗီးဝိတ် ချန်ပီယံ Brandon Vera ကသူနဲ့ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်ခဲ့တဲ့အတွက် လာမယ့် အောက်တိုဘာလမှာ ဂျပန်နိုင်ငံမှာပဲ သူတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

မြန်မာ့စပါးအုံး အောင်လ စိန်ခေါ်သူ Hasegawa ကို အနိုင်ရ
please wait

No media source currently available

0:00 0:03:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG