သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအယူခံ အပြီးသတ် ပယ်ချ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုကို နေပြည်တော် တရားရုံးချုပ်က ဒီကနေ့ပဲ ပယ်ချလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အန်အယ်လ်ဒီ ကတော့ အခုလို ပယ်ချလိုက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အခု ပယ်ချခံခဲ့ရတဲ့ အထူးအယူခံဟာ နောက်ဆုံး အယူခံအမှုလည်းဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေဘက်က ဥပဒေကြောင်းအရ ဘာဆက်လုပ်ဖို့ ရှိပါသလဲ။ ဒီအခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်စည်းကမ်းဖောက်ဖျက်မှုနဲ့ စစ်အစိုးရက တရားစွဲဆိုခဲ့တဲ့အမှုမှာ အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်ထားတဲ့အမှု အထူးအယူခံကို နေပြည်တော် တရားရုံးကနေ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပယ်ချခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလကုန်မှာ နေပြည်တော် တရားရုံးချုပ်ကနေ ဒီအထူးအယူခံကို ကြားနာစစ်ဆေးခဲ့ပြီးမှ ပယ်ချဖို့ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပယ်ချခဲ့တဲ့အကြောင်းပြချက်ကိုတော့ အခုထိ မသိရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီးတဦးဖြစ်တဲ့ ဦးကြည်ဝင်း က ပြောပြပါတယ်။

“ကျနော်တို့က ပယ်တယ်ဆိုတဲ့ အဲ့ဒီအမိန့်ကို မဖတ်ရသေးဘူးဗျ။ အဲ့ဒါကြောင့်မို့လို့ ဘာကြောင့် ပယ်တယ်ဆိုတာ မသိဘူး။ ကျနော်တို့ ထပ်ပြီးတော့ နေပြည်တော်က အမိန့်ရဲ့ကော်ပီကို သွားလျှောက်ပြီး တောင်းရမှာ။ အခု မသိသေးဘူး။”

ဒါပေမဲ့လို့လည်း ဒီအထူးအယူခံကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကပဲ နေပြည်တော်တရားရုံးချုပ်မှာ တရားသူကြီးချုပ် ဦးအောင်တိုး ပါဝင်တဲ့ တရားသူကြီး ၃ ဦးကနေ လက်ခံပြီးတော့ ကြားနာစစ်ဆေးခဲ့တာပါ။

ဒီအထူးအယူခံမတိုင်ခင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကနေ ရန်ကုန်တိုင်းတရားရုံး၊ တရားရုံးချုပ်နဲ့ နေပြည်တော်တရားရုံးအထိ အဆင့်ဆင့် ၄ ကြိမ်တိုင်တိုင် တင်သွင်း ခဲ့ပါသေးတယ်။ ဒီတကြိမ်ကတော့ ဥပဒေအကြောင်းအရ လုပ်ဆောင်ရတဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလို နေပြည်တော်တရားရုံးချုပ်က ဒီအမှုကို ပယ်ချလိုက်ပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေအနေနဲ့ ဥပေဒကြောင်းအရ ဘာဆက်လုပ်မှာပါလဲ။

“၁ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝင်တွေ့ဖို့လိုတယ်။ ဝင်မတွေ့ခင်လည်း နေပြည်တော်က ဘယ်လိုအမိန့်ချတယ်။ ဘာကြောင့် အမိန့်ချတယ် ဆိုတာတွေ သိပြီးတော့ ပြောပြလိုက်ဖို့ လိုတယ်။ အဲ့ဒါပြီးတော့ ဘာလုပ်နိုင်တယ်ဆိုတာ အဲ့ဒီမှာ ဆွေးနွေးရမှာ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဥပဒေအရ ဘယ်လို လမ်းကြောင်းတွေရှိသေးတယ်။ ဘယ်လိုလမ်းကြောင်းတွေ လိုက်ရင် ဖြစ်နိုင်သေးတယ် စသဖြင့်ပေါ့။ အဲ့ဒါကို ကျနော်တို့ ဆွေးနွေးရမှာ။ ပြောရင်တော့ ဒီအမှုနဲ့ တူတဲ့အမှုကတော့ ကျနော်ထင်တယ် ခပ်ရှားရှား ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်မို့လို့ ဘာဆက်လုပ်သင့်သေးသလဲ ဆိုတဲ့မေးခွန်းကတော့ ဖြေရခက်တယ်။ သမရိုးကျ တခြားအမှုတွေမှာတော့ အဲ့ဒီဟာဟာ တရားရေးနဲ့ပတ်သက်ရင် ဂိတ်ဆုံးပဲဗျ။ ဂိတ်ဆုံးပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ပြင်ပလူ ဝင်ရောက်နိုင်တဲ့ကိစ္စမှာ အစိုးရက တာဝန်မကျေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း အခုလို တင်သွင်းတဲ့ အယူခံကို ပယ်ချတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ အန်အယ်လ်ဒီရဲ့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ် နေထိုင်ရတဲ့ ကာလမှာ မိမိ မဖိတ်ခေါ်တဲ့ ဧည့်သည်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ အပြစ်ပေးတာ၊ အဲ့တော့ မိမိ မဖိတ်ခေါ်တဲ့ ဧည့်သည် ဘယ်လိုလုပ် ဝင်ရောက်လာလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်က တာဝန်မကျေဘူး။ ပြည်သူလည်း မသိဘူး။ ကျနော်တို့လည်း မသိဘူး။ ဒီလိုအခြေအနေမှာ မဖိတ်ခေါ်တဲ့ဧည့်သည်အတွက် အပြစ်ပေးတယ်၊ နောက် အခု တရားစွဲတဲ့ကိစ္စမှာလည်း တားမြစ်ချက် ကိစ္စတွေက ဥပဒေနဲ့မညီဘူး။ ဥပဒေအချက်အလက် အားလုံးကို ခြုံပြီး ပြောလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်မရှိဘူး။ အဲ့တော့ အခုက အောက်ရုံးအမိန့်ကို အတည်ပြုလိုက်တယ်ဆိုတဲ့အခြေအနေဟာ ဥပဒေသဘောအရ အတော် စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒါ့အပြင် ဒီအမှုနဲ့ပတ်သက်လို့ အန်အယ်လ်ဒီပါတီအနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပါ တရားစီရင်ရေး လမ်းကြောင်းအရဆိုရင် လမ်းဆုံးပြီလို့လည်း ဦးဉာဏ်ဝင်း က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် မေလအစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်ထော တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် အာဏာပိုင်တွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ၁ နှစ်ခွဲ လျှော့ခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေနဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့ ဒီအမှုဟာ မြန်မာစစ်အစိုးရ က ဉာဏ်ဆင်တာ ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ကြဖူးပါတယ်။

XS
SM
MD
LG