သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အိမ် ဓါတ်ဆီပုလင်းနဲ့ ပစ်ပေါက်သူ ဖမ်းမိပြီ


ဒေါ်အောင်ဆန်းစုကြည်အိမ် ရှေ့ လုံခြုံရေးတင်းကျပ်
ဒေါ်အောင်ဆန်းစုကြည်အိမ် ရှေ့ လုံခြုံရေးတင်းကျပ်

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့သူကို ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးမိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို ဥပဒေအတိုင်း အရေးယူဆောင်ရွက် သွားမယ်လို့ ရန်တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းပေါ်မှာရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ကို မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သူကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းဆီးမိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်တဲ့သူဟာ စိတ်မနှံ့သူ တစ်ဦးဖြစ်ပြီးတော့ ဥပဒေတိုင်း အရေးယူဆောင်ရွက်မယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက VOA ကိုအခုလိုပြောပါတယ်။

"ဟုတ်ကဲ့ ဥပဒေတိုင်းဆက်လုပ်သွားပါမယ်။ဖမ်းဆီးအရေးယူထားတာမှန်ပါတယ်။ လက်မှတ်ရှိတာမှန်ပါတယ်။ မနက်ကတည်းက ဖမ်းထားတာ ပါ။ ကျွန်တော်တို့လည်းရန်ကုန်မြို့လုံခြုံရေးအတွက်တော့ အချိန်ပြည့်ဆောင်ရွက်နေတာဖြစ်ပါတယ်။"

ပြစ်မှုကျူးလွန်သူဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေထိုင်သူဖြစ်ပြီးတော့ မြန်မာပလာဇာမှာ လုံခြုံရေးတာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူကို ပြစ်မှုကျူးလွန်သူ သွားရောက်တဲ့ လမ်းကြောင်းက CCTV မှတ်တမ်းတွေက တဆင့် ခြေရာခံပြီး ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူအိမ်ကို သွားရောက်ရှာဖွေရာမှာ ပါဝင်တဲ့ အုပ်ချုပ်ရေးမှူး ကိုသူရထွန်းက အခုလိုပြောပြပါတယ်။

"ရောက်သွားတဲ့အချိန်မှာ သူ့မိသားစုပဲရှိတယ် သူကတော့မရှိဘူး။ မရှိတော့အဲ့ဒါနဲ့နိုးနှက်ပြီးတော့ သူ့မိသားစုကိုမေးကြည့်တဲ့အခါကျတော့ သူ့အမျိုးသမီးက သူ့ယောက်ကျားက မြန်မာပလာဇာမှာလုံခြုံရေးဝန်ထမ်းလုပ်တယ်တဲ့ အခုတော့သူလုံခြုံရေး ဟိုမှာရှိတယ်ပေါ့။ ကျွန်တော်တို့ မြန်မာပလာဇာကို Contact လုပ်တဲ့အခါမှာ သူ့ကိုဟိုမှာသွားတွေ့တာခင်ဗျ။ ဟိုမှာသွားတွေ့တော့ သူမနက်ပိုင်းကအသုံးပြုထားတဲ့ အကျီ အဝတ်အစားတွေ ပုဆိုးတွေအဲ့ဒါတွေ နောက်ကျောပိုးအိတ် အဲ့ဒါတွေကို သူတို့ဟိုမှာသိမ်ဆည်းပြီးတော့ ဒီဘက်ကို စက်နဲ့ပြန်ပေါက်ပြီးတော့ သူတို့ဖမ်းပြီးပြီဆိုတဲ့အကြောင်းကို စက်နဲ့ပို့ပြီးဗိုက်ဗာတွေနဲ့ ပုံတွေပြန်ပို့တယ်ခင်ဗျ။"

ပြစ်မှုကျူးလွန်သူကိုတော့ ဗဟန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်ထားပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ခြံဝင်းအတွင်း ခြံစောင့်တဲအနီးက ရေပိုက်မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိတာတော့ မရှိခဲ့ပါဘူး။ ဓာတ်ဆီပုလင်းနဲ့ ပစ်ပေါက်မှု ဖြစ်ပွားပြီး မကြာခင်မှာပဲ အိမ်ရှေ့ ပလက်ဖောင်းပေါ်သွားလာခွင့် ပိတ်လိုက်ပြီး လုံခြုံရေးချထားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံရဲ့တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို စိတ်မနှံ့သူတစ်ဦးက ဂဲနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ခြံဝင်းတံခါးပေါက်က မှန်တချပ် ပျက်စီးခဲ့ပါသေးတယ်။ အခုလို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ပြည်သူလူထုကြားမှာ လုံခြုံရေးအတွက် စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးမကြာခင်မှာပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့တရား ဥပဒေစိုးမိုးရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG