သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချိန်တိုအတွင်း သမ္မတသစ်ရွေးနိုင်တဲ့အပေါ် ဒေါ်စုကျေးဇူးတင်


နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် မိန့်ခွန်းပြော
နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် မိန့်ခွန်းပြော

အချိန်တို ရက်သီတင်းပတ် တပတ်အတွင်း သမ္မတသစ်ကို ရွေးချယ်နိုင်တာဟာ နိုင်ငံရဲ့ ရင့်ကျက်တည်ငြိမ်မှုကိုပြသတာဖြစ်ပြီး၊ အဲဒီအတွက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ဝန်ထမ်းများနဲ့ အစိုးရဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရတာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့်အထိမ်းအမှတ် အစိုးရမီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ထုတ်လွှင့်လိုက်တာဖြစ်ပြိး၊ နိုင်ငံရေးအပြောင်းးအလဲတွေကို ပြည်သူတွေ မထိခိုက်စေပဲ ချောချောမွေမွေဆောင်ရွက်သွားနိုင်ဖို့ အဓိကဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်ဟာ NLD ပါတီ စတည်ကတည်းက ပါတီဝင်အဖြစ် ပါဝင်ခဲ့ပြီး၊ တာဝန် အကြီးအသေး အနိမ့်အမြင့်မရွေး တာဝန်ထမ်းခဲ့သူဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ ရာထူးက အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို ကိန်းဂဏန်းတွေနဲ့တကွ ဖော်ပြဖို့ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးကို သူ့အနေနဲ့ ညွှန်ကြားထားပြီး၊ ဒီကိန်းဂဏန်းတွေဟာ ပြည်သူလူထုကို ဘယ်လောက်အကျိုးုသက်ရောက်မှုရှိသလဲဆိုတာ ပိုပြီး ဆန်းစစ်ရမှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ တိုင်းပြည်ရဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကိုလည်း စုပေါင်းအင်အားအလေးထားပြီး ဆောင်ရွက်သွားမယ့်အကြောင်းနဲ့၊ အစုအဖွဲ့စိတ် ဂိုဏ်းဂဏစိတ်တွေ ဖယ်ရှားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတတာဝန်ယူလို့မရတဲ့အခြေအနေဖြစ်တာကြောင့်၊ နိုင်ငံတော်အတိုင်ပင်ခံပု၈္ဂိုလ်ဆိုတဲ့ ရာထူးကို လွန်ခဲ့တဲ့ နှစ်နှစ်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး ယူခဲ့ရပါတယ်။ တပ်မတော်ကိုယ်စားလှယ်တွေကတော့ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဖွဲ့စည်းပုံနဲ့မညီဘူးဆိုပြီး အဲဒီတုန်းက ကန့်ကွက်ခဲ့ကြပါတယ်။ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ ပြည်ထောင်စုအင်္ဂါစဉ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ နိုင်ငံတော်ရဲ့ ဒုတိယအကြီးအကဲ နေရာမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG