သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်ရေး ချိုးဖောက်မှုတွေအပေါ် ရှုုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို မြန်မာ အစိုးရက ရှုတ်ချကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် သူတို့အခေါ် ရိုဟင်ဂျာ မူဆလင် ၄ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်က အခုလို တုံ့ပြန်လိုက်တာပါ။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာဘက်က စစ်ဆေးခံရဲတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ တည်ငြိမ်ရေးနဲ့ သဟဇာတ ဖြစ်မှုကို ဖျက်လိုဖျက်စီး လုပ်ရပ်တွေကို တရားဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်း အာမခံချက် ပေးလိုက်ပါတယ်။ ဒါပေမယ့် စွပ်စွဲချက်တွေက အထောက်အထား ခိုင်ခိုင်မာမာ ရှိရမယ်လို့လည်း သတိပေး ပါတယ်။ နိုင်ငံတကာ သံတမန်တွေရဲ့ ရှေ့မှောက် ဒီကနေ့ နေပြည်တော်မှာ ပြောကြားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ အစိုးရသစ် အပေါ် မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီးလည်း အခုလို ပြောဆိုခဲ့ပါတယ်။

"အစိုးရ သက်တမ်းက ဒီနှစ်ကုန်မှ ၁၈ လ ပြည့်မှာပါ။ နိုင်ငံတွင်းက စိန်ခေါ် အကဲစမ်းချက်တွေ အားလုံးကို ပြေလည်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာမှာ ၁၈ လဆိုတဲ့ အချိန်ကာလက သိပ်ပြီး တိုတောင်းလွန်းပါတယ်။"လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာပါ။

နေရပ်ရင်း ပြန်လိုတဲ့ ဒုက္ခသည်တွေကိုလည်း စိစစ်အတည်ပြုနိုင်ဖို့ ဆောင်ရွက်မယ်လို့ ပြောဆိုပြီး သူတို့ရဲ့ လျှောက်ထားမှုတွေ ကိုလည်း မြန်မာ အစိုးရဘက်က လိုလိုလားလား လက်ခံမယ်လို့ ပြောပါတယ်။ ဒေသတွင်း ပဋိပက္ခတွေ အတွင်း ဖျက်စီးမခံရဘဲ ဆက်လက် နေထိုင်နေကြတဲ့ မူဆလင် အများအပြား ရှိနေသေးတဲ့ အကြောင်း၊ ဒီမူဆလင်တွေ အနေနဲ့ ရခိုင်ပြည်နယ်တွင်းမှာ အဆင်ပြေပြေ အတူတကွ နေထိုင်နိုင်သလဲ ဆိုတဲ့ အချက်ကို ရှာဖွေဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း နိုင်ငံတကာ သံတမန်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။

XS
SM
MD
LG