သုံးရလွယ်ကူစေသည့် Link များ

KIO ငြိမ်းချမ်းရေးအဖွဲ့ရုံး မြန်မာအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး


KIO ငြိမ်းချမ်းရေးအဖွဲ့ရုံး
KIO ငြိမ်းချမ်းရေးအဖွဲ့ရုံး

မြန်မာ့တပ်မတော်နဲ့ စစ်ရေးတင်းမာနေဆဲအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ရဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးကို ကချင်ပြည်နယ် အာဏာပိုင်အဖွဲ့ကနေ ပထမဆုံးအကြိမ် ရှာဖွေစစ်ဆေး မှုတွေလုပ်ဆောင်ခဲ့ တာပါ။ ကရင်ပြည်နယ်မြဝတီမြို့နယ်မှာ လေယာဉ်ပစ်သေနတ်ကျည်ဆံတွေ့ရှိ မှုနဲ့ အဖမ်းခံထားရတဲ့ အဖွဲ့နဲ့ပက်သက် မှုရှိမရှိ လာရောက်စစ်ဆေးတာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကပြောပါတယ်။ ထိုင်းအခြေစိုက် ဗီွံအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးကို မြို့နယ်ရဲတပ်ဖွဲ့ ကနေ ရုတ်တရက် ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

မြစ်ကြီးနားမြို့နယ် ဒုတိယ ရဲမှူး ဦးဆောင်တဲ့အဖွဲ့ကနေ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ကချင်ငြိမ်းချမ်း ရေးအကျိုးဆောင် အဖွဲ့ မှ ဦးလမိုင်ဂွမ်ဂျာကအခုလို ပြောပါတယ်။

"မနေ့က (၁)နာရီ(၂၀)လောက်မှာပေါ့လေ။ ပြည်သူ့ရဲတွေရော စရဖတွေရော SPတွေလဲပါတယ်ဗျ။ သူတို့အဖွဲ့ထဲလူပေါင်း သုံးလေးဆယ်လောက်ရှိမယ်ထင်တယ်။ KIOရဲ့ နည်းပညာအထောက်ကူပြုတဲ့ရုံးရဲ့အနောက်ဖက်မှာလေ။ အဆောင်ရှိ တယ်။ အဲဒီဝင်းမှာလာစစ်ဆေးတာဗျ။ အဲဒီမှာလာရှာဖွေတဲ့နေရာမှာ KIOရဲ့ဝင်းနေရာ မြေနေရာမှန်းသူတို့မသိဘူးပေါ့။ သတင်းအရလာရောက် ရှာဖွေခြင်းဖြစ်တယ်လို့ပြောတယ်။"

ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေကနေ လာရောက်ရှာဖွေတဲ့အကြောင်းရင်းဟာ လေယာဉ်ပစ်သေနတ် ကျည်ဆံ တွေ့ရှိ မှုနဲ့ အဖမ်းခံထားရတဲ့ ဂျွန်စံလင်း နဲ့ပက်သက်မှုရှိမရှိ လာရောက်စစ်ဆေးတာဖြစ်တယ်လို့ ဦးလမိုင်ဂွမ်ဂျာကအခုလို ပြော ပါတယ်။

"ဘာကိစ္စနဲ့လာသလဲ ဆိုတာ့ သူတို့ဟိုတလောကဖမ်းထားတဲ့ ဂျွန်စံလင်းကိစ္စနဲ့လာတာပါတဲ့။ လေယာဉ်ပစ်ကျည်ဆံမိလို့ ဆိုလားမသိ အဲတာမိတယ်ဆိုတာကို မြဝတီသူငှါးနေတဲ့အိမ်မှာမိတယ်။ သူကတော့ဒီမှာနေတယ် မြစ်ကြီးနားမှာ သူ့အမျိုး သမီးအိမ်မှာ။ သူ့ကိုအဲဒီမှာလာရောက်ဖမ်းသွားတယ်ဆိုဘဲ။ ဒီမှာမနေ့ကလာရောက်ရှာဖွေတာ သူနဲ့ပက်သက်လို့ သူနဲ့ ဆက်သွယ်လို့လာရောက်ရှာဖွေခြင်းဖြစ်တယ်လို့ဘဲပြောတာတာ့ကြားလိုက်ရတယ်။"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မှာ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင် ရွာသစ်ကျေးရွာ ကွက်သစ်မှာ ကိုစံလင်း (ခ) ကိုဂျွန်နှင့် ဇနီး ဒေါ်ခါးဘူ (ခ) လဘန်ခါးဘူတို့ ငှားရမ်းနေထိုင်တဲ့ နေအိမ်အောက်ထပ်မှာ လေယာဉ်ပစ် ကျည် တစ်ထောင်ကျော် သိမ်းဆီးရမိတယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသလို ကိုစံလင်း (ခ) ကိုဂျွန်နှင့် ဇနီး ဒေါ်ခါးဘူကိုလဲ မြစ်ကြီးနားနေအိမ်မှာ ရဲတပ်ဖွဲ့တွေကနေဖမ်းဆီးခဲ့ပါတယ်။

လက်ရှိ ကိုဂျွန်စံလင်းကို မြစ်ကြီးနားအမှတ် ၂ ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒီလိုစစ်ဆေးမှုဖြစ်စဉ်အတွက် မြစ်ကြီးနားရဲတပ်ဖွဲ့ရုံးကိုဆက်သွယ်ခဲ့ပေမဲ့ တာဝန်ယူဖြေကြားပေးမှုမရှိခဲ့ပါဘူး။

လေယာဉ်ပစ် ကျည်ဆံအတောင့် တစ်ထောင်ကျော်နဲ့ ပတ်သက်ပြီးအဖမ်းခံရတဲ့ ကိုဂျွန်စံလင်းနဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့ တို့ အကြား ဆက်နွယ်မှုရှိမရှိကို မြန်မာ အာဏာပိုင်တွေကနေ စီစစ်နေတယ်လို့ အာဏာပိုင်တွေနဲ့နီးစပ်တဲ့ဒေသခံ တဦးကဆို ပါတယ်။

လက်နက်ကျည်ဆံအမှုနဲ့ဆက်နွယ်ပြီး KIOရုံးကို လာရောက်စစ်ဆေးတဲ့အပေါ်မှာတော့ KIO ကချင်လွတ်လပ်ရေး အဖွဲ့ပြန်ကြားရေး ဌာနက တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကအခုလိုပြောပါတယ်။

"အဲဒီသတင်းသည် ဘာမှခိုင်လုံတဲ့သတင်းမရတဲ့အခါကျတော့ ခိုင်မာတဲ့သတင်းသည်ကမရှိသေးတာ။ တွေ့ရှိချက်က ဘာတွေရှိတယ်။ ကျွန်တော်တို့ဘာမှမသိဘူး။ သူတို့လာရောက်စစ်ဆေးတယ်ဆိုတဲ့ သတင်းလောက်တော့ ကျွန်တော် တို့ရပါတယ်။ ဘာကြောင့်ဘာခေါင်းစဉ် နဲ့စစ်ဆေးတယ်ဆိုတာကျွန်တော်တို့လဲမသိဘူး။"

ကိုဂျွန်စံလင်းနဲ့KIOတို့ဆက်စပ်မှုမရှိဘူးလို့လဲ ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ် တနိုင်းနဲ့ဖါးကန့်ဒေသဘက်မှာKIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့မြန်မာ့တပ်မတော်တို့ အကြား စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲလို့လဲ ကချင်ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာကအခုလို ပြောပါ တယ်။

"ခုကတော့စစ်ရေးပိုင်းမှာတော့ ကြိုကြားကြိုကြားတော့ တိုက်ပွဲတွေတော့ဖြစ်နေတယ်။ ဖါးကန့်လမ်းမှာတို့ တနိုင်းလမ်း မှာတို့ပေါ့လေ။ မနေ့ တနေ့လေးက တော်တော်လေးဖြစ်တယ်။"

၂၀၁၁ ခုနှစ်ကနေစတင်လာခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့မြန်မာ့ တပ်မတော်တို့အကြားတကျော့ပြန်တိုက်ပွဲဟာ (၆)နှစ်ကျော်လာပြီးဖြစ်ပေမဲ့ ငြိမ်းချမ်းမဲ့အရိပ်အယောင်မတွေ့သေးသလို မြန်မာအစိုးရကနေဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဟာလဲ လမ်းစပျောက်နေတယ်လို့ ကချင်ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြော ပါတယ်။

KIOဟာ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ (FPNCC)အဖွဲ့ဝင်တွေဖြစ်သလို အစိုးရကနေဖေါ်ဆောင်တဲ့ NCAလမ်းကြောင်းကိုလက်မခံတဲ့အဖွဲ့တွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG