သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးရေဘေး စေတနာရှင်များ ကူညီနေဆဲ


ပြီးခဲ့တဲ့ ရက်တွေအတွင်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန် ရွာသွန်းမှုတွေကြောင့် ရေလွှမ်းမိုးမှုတွေ ကြုံခဲ့ရတဲ့ မြို့တွေအနက် ပဲခူးမြို့မှာတော့ နောက်ထပ် ရေထပ်မတက်တော့ဘဲ ပြန်ပြီး ကျလာဖွယ် ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မနေ့ကအထိ ၉၁၂ စင်တီမီတာ ရောက်နေတဲ့ ပဲခူးမြစ်ရေဟာ ဒီကနေ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၉၁၀ အောက်ကို ကျဆင်းနိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့တာပါ။

ပဲခူးမြို့ထဲမှာလည်း ရေပြန်ကျလာပေမဲ့ မြေနိမ့်ပိုင်းတွေမှာတော့ ရေတွေ ကျန်နေဆဲမို့ ရေဘေးဒုက္ခသည် အများအပြား အိမ်မပြန်နိုင်ကြသေးဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ထဲမှာ မိုးသည်းထန် ရွာသွန်းမှုတွေကြောင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရေလွှမ်းမိုးမှုတွေ ကြုံရပြီး ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြရတာတွေ၊ အပျက်အစီး ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဒီကနေ့ တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်းမှာ လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ဂျပန်ဘာသာနဲ့ Kompasu သံလိုက်အိမ်မြှောင်လို့ အမည်ရတဲ့ မုန်တိုင်းဟာ တောင်ကိုရီးယား အနောက်ဘက် ကမ်းရိုးတန်းကို ဝင်ရောက်လာတဲ့အတွက် လူပေါင်း သိန်းနဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့တာပါ။

ပြင်းထန်လှတဲ့ မုန်တိုင်းကြောင့် လေဆိပ်တွေက လေယာဉ် အဝင်အထွက်တွေ နှောင့်နှေးတာ၊ ဖျက်လိုက်ရတာတွေလည်း ရှိခဲ့ပြီး ဆိုးလ်မြို့တော်က အဓိက မြေအောက်ရထားလမ်း အစိတ်အပိုင်း အတော်များများဟာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အပူပိုင်း မုန်တိုင်းတခုဖြစ်တဲ့ Lionrock ကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းက Fujian ပြည်နယ် ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တနာရီမိုင် ၅၀ ကျော်နဲ့ ဝင်ရောက်လာနေတဲ့အတွက် မြေပြိုကျမှုတွေ ကြုံရနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

XS
SM
MD
LG