သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးလူငယ် ၂ ဦး စစ်တပ် ပစ်သတ်ခံရမှု အရေးယူမှု မရှိသေး


ပြီးခဲ့တဲ့ သီတင်းပတ်ကုန် စနေနေ့ည သန်းခေါင်ကျော် အချိန်မှာ ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်းမှာ နေထိုင်တဲ့ အရပ်သား လူငယ်တွေနဲ့ ခလရ ၅၉ စစ်တပ်က စစ်သားတွေ ဆိုင်ကယ်ချင်း တိုက်မိရာက အချေအတင် စကားများပြီးနောက် ထွက်ပြေးတဲ့ လူငယ် ၂ ယောက်ကို လိုက်လံ ပစ်ခတ်တဲ့အတွက် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြပါတယ်။ တရားခံတွေ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို စစ်တပ်က ဖုံးကွယ်ထားဆဲ ဖြစ်သလို လက်နက်ကိုင်အဖွဲ့က လူသတ်တာ ဖြစ်တဲ့အတွက် တရားဥပဒေကြောင်း အရဆိုရင် စစ်ခုံရုံးကသာ စီရင်လို့ ရနိုင်ကြောင်း ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးမြို့က အသက် ၁၈ နှစ်နဲ့ ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော်တို့ ၂ ဦးကို ခလရ ၅၉ က စစ်သားတွေက ပစ်သတ်သွားတယ် ဆိုတာကိုပဲ သိထားရပြီး တရားခံတွေကို ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတွေကို မတွေ့ရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဖုံးကွယ်ထားဆဲဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ တရားစွဲဖို့အတွက်ဆိုရင် အရပ်သားတွေ အနေနဲ့ တရားစွဲဆို လျော်ကြေးတောင်းတာက လွဲရင် မဖြစ်နိုင်ကြောင်း၊ ဒီအမှုကို စစ်ခုံရုံးကသာ စီရင်နိုင်မယ်လို့ ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်က ပြောပါတယ်။

“သူတို့ဆီက မပြောဘဲ နှုတ်ဆိတ်၊ ရေငုံနေတာလို့ပဲ ပြောရလိမ့်မယ်။ အရပ်သားနဲ့ အရပ်ဘက် အာဏာပိုင် အဖွဲ့အစည်း၊ နောက်တခု ရဲတပ်ဖွဲ့၊ သူတို့က သွားပြီးတော့ တပ်ကို မေးမြန်းပိုင်ခွင့် မရှိဘူး။ မေးခဲ့ရင်လည်း ဖြေမှာမဟုတ်တဲ့အတွက် အမြဲတမ်း တပ်ဆိုရင် တုန်နေအောင် ကြောက်ကြတာပဲလေ။ လူသတ်မှုမျိုးကျတော့ စစ်ဘက်ဆိုင်ရာ ဥပဒေဆိုတာ ရှိတယ်။ နောက်တခု ၁၉၉၅ ခုနှစ်မှာ ရဲတရားရုံး ဥပဒေဆိုတာ ရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာရှိတဲ့ လူတွေကို ဥပဒေအရ ဆောင်ရွက်မယ်ဆိုရင် တပ်ရင်း တပ်ဖွဲ့၊ တပ်ကသာ ဆောင်ရွက်နိုင်တယ်။ ဆောင်ရွက်လေ့ ဆောင်ရွက်ထ ရှိတယ်။”

ကလေးတွေကို ပစ်သတ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမြို့ခံတွေက အတော် မကျေမနပ် ဖြစ်နေချိန်မှာပဲ မြန်မာစစ်အစိုးရရဲ့ ဝါဒဖြန်ချိရေး သတင်းဌာနတွေက သေနတ်လုလို့ ပစ်မိပါတယ် ဆိုတာတွေကို ပြောနေတာကြောင့် မိသားစုက အခုလို ပြောပါတယ်။

“လက်နက်လုတယ်ဆိုရင် အဲဒီမှာတင် ဖြစ်သွားမှာပေါ့၊ ပစ်သတ်မှာပေါ့။ အခုဟာ မပစ်သတ်ဘဲ ရန်ကုန်၊ မန္တလေး အဝေးပြေးလမ်းကြီးကို ကျော်ပြီးတော့မှ ကျမတို့ဘက်ကို လာပြီးတော့မှ၊ ဇိုင်းဂနိုင်းတောင်ပိုင်းမှာ ကျမတို့က၊ သူတို့က မြောက်ပိုင်းမှာ ဖြစ်တာလေ။ မြောက်ပိုင်းမှာ ဖြစ်ခဲ့ပြီးတော့မှ တောင်ပိုင်းကို ကိုက် ၉၀၀ လောက်အကွာမှာမှ လာဖြစ်သွားတာ။

“အမေကတော့ နည်းနည်း စိတ်မကောင်းဘူးပေါ့။ ကိုယ့်တူတွေ သားတွေကလည်း ဘာမှ အပြစ်မရှိဘဲနဲ့လည်း ပစ်သတ်ခံရသေးတယ်၊ ရန်ဖြစ်လို့ ပစ်သတ်ခံရသေးတယ်၊ အဲဒီလိုမျိုး ပြောတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့။”

အလောင်းကို ပြန်တောင်းပေမဲ့ ဆေးရုံက ရင်ခွဲရုံမှာသာ ထားပြီး ဒီနေ့ကျမှပဲ အလောင်းကြည့်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။ ထောင်နဲ့ချီရှိတဲ့ ပဲခူးမြို့ခံ လူထုကတော့ အလောင်းကို သွားရောက်ကြည့်ရှုနေဆဲ ဖြစ်ပြီး အာဏာပိုင်တွေကလည်း အလောင်းကို ၂၄ နာရီ လုံခြုံရေး အစောင့်တွေနဲ့ ထားထားပါတယ်။ မိသားစုက မနက်ဖြန်မှာတော့ အလောင်းကို သဂြုႋဟ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“အမေလုပ်တဲ့လူကတော့ စိတ်မကောင်းဘူးပေါ့။ စိတ်မကောင်းတော့ တောင်းဆိုတာပေါ့၊ အလောင်းလိုချင်တယ် ဆိုပြီး၊ အလောင်းလိုချင်တယ် ဆိုတော့ သူတို့ကလည်း မပေးနိုင်ဘူးတဲ့။ မပေးနိုင်ဘူးဆိုတာ သူတို့ပြောတာတော့ ဆူပူမှုဖြစ်ရင် သူတို့လည်း မထိန်းသိမ်းနိုင်ဘူး၊ ကျမတို့လည်း မထိန်းသိမ်းနိုင်ဘူးပေါ့။ အဲဒီလို ပြောတာပေါ့။ ပြောပြီးတော့ ပိုက်ဆံ ၁၀ သိန်းပေးတာပေါ့။ တယောက်ကို ၁၀ သိန်း၊ မြလမ်းထဲက ကလေးလေးကိုလည်း ၁၀ သိန်း၊ ကျမတို့ကိုလည်း ၁၀ သိန်းပေးတယ်။

“ကျမတို့ကလည်း ပြောလိုက်တယ်၊ အမေရော အမရောက ပြောခဲ့တယ်၊ သားသမီးအသက်လောက် တန်ဖိုးမရှိဘူး၊ ယူလည်း မယူဘူး၊ အဲဒီလို ပြောခဲ့တယ်။ ကိုယ့်ဘာသာကိုယ်ပဲ ဖြစ်သမျှအကြောင်း သဂြုႋဟ်ပါ့မယ်။ အသုဘချရင်တောင် အဲဒီအဖွဲ့အစည်းတွေ မလာပါနဲ့လို့ အမေက ပြောခဲ့တယ်။ ခွေးသေ၊ ဝက်သေ ပစ်သတ်သွားတဲ့အတွက် ကျမတို့လည်း ၁၂ နာရီထိုး အတိလောက်မှပဲ လာထုတ်ပါ့မယ်၊ သူတို့ကတော့ အလောင်းပြင်ဖို့ ဘယ်နှစ်နာရီလောက် ကြိုပြီး လိုချင်လဲပေါ့။ မလိုချင်ဘူး၊ ရတယ်လို့ အမေက ပြောခဲ့တယ်။ ၁၂ နာရီထိုးချမှာ၊ ၁၂ နာရီထိုးအတိ လာထုတ်မယ်ပေါ့၊ အဲဒီလိုပြောခဲ့တယ်။

“သူတို့က မနေ့က ပြောလိုက်တာ နှစ်ယောက်မှာ တယောက်ကို တနာရီခွဲပြီး ချပေးပါပေါ့။ အဲဒါနဲ့ ဟိုဘက်က နာရေးကောင်လေးတွေက လက်မခံဘူး။ သူ့သူငယ်ချင်းတွေက လက်မခံဘူး။ ကျနော်တို့ နှစ်ယောက်အတူတူ သေတဲ့အတွက် တပြိုင်တည်းပဲ ချမယ်။ အဲဒီလိုပြောခဲ့တယ်။ တပြိုင်တည်းကို ၁၂ နာရီတိတိချမှ ကျနော်တို့ လက်ခံမယ်ပေါ့၊ အဲဒီလိုပြောခဲ့တော့ သူတို့ကလည်း လိုက်လျောပေးပါတယ်။ အခု ၁၂ နာရီအတိပေါ့၊ နှစ်ယောက်ကို။”

အခုဆိုရင် စစ်တပ်နဲ့ ရဲက သေဆုံးသူတွေရဲ့ မိသားစုဝင် အိမ်တွေမှာ လုံခြုံရေး ယူမယ်ဆိုပြီး ရပ်ကွက်အာဏာပိုင်တွေက တဆင့် ပြောလာတယ်လို့ ဆိုပါတယ်။ ပဲခူးမြို့မှာလည်း လုံခြုံရေးကို အထူးတင်းကျပ်ပြီး ဆန္ဒပြမှု ဖြစ်မှာကို စိုးရိမ်နေတာကြောင့် အတော်စောင့်ကြပ်နေတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ဟာ ကိုးလေးလုံး လူထုလှုပ်ရှားမှု ဖြစ်တဲ့အချိန်တုန်းက အတက်ကြွဆုံး ဖြစ်ခဲ့တာမို့ အခုလို စက်တင်ဘာလဟာ အာဏာပိုင်တွေအတွက် အထူးစိုးရိမ် စောင့်ကြပ်နေရတဲ့ ကာလလည်း ဖြစ်ပါတယ်။

XS
SM
MD
LG