သုံးရလွယ်ကူစေသည့် Link များ

မြန်မာနဲ့ နားလည်မှုစာချွန်လွှာ ကြာသပတေးနေ့ လက်မှတ်ရေးထိုးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်မျှော်လင့်

  • ဗွီအိုအေ (မြန်မာဌာန)

ရခိုင်ပြည်မြောက်ပိုင်းက သြဂုတ်လ ၂၅ ရက်နေ့က ARSA ရိုဟင်ဂျာအကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ Cox’s Bazar မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်း၊ ၂ သောင်းကျော်တို့ကို ပြန်လည်စိစစ်ပြီး ပြန်လက်ခံနိုင်ရေး အစီအစဉ်နဲ့ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာတရပ်ကို ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကြာသပတေးနေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးခဲရာမှာ အဆင်ပြေခဲ့ပြီး ကြာသပတေးနေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ မျှော်လင့်တယ်၊ နောက်ဆုံး အဆင့်မှာေ ရာက်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali က မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့တွေ့ဆုံအပြီး UNB ကို ပြောခဲ့တဲ့အကြောင်း The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ဝန်ကြီးနှစ်ဦးတို့ နှစ်ဘက်အစည်းအဝေးပွဲကို ဦးဆောင်ခဲ့ကြပြီး နိုင်ငံခြားရေးဌာန အတွင်းဝန် M Shahidul Haque အပြင် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒက်ရှ် သံအမတ် ကြီး M Sufiur Rahman နဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးက ကိုယ်စားလှယ်တွေ လည်း တက် ရောက်ခဲ့ပါတယ်။ စောစောပိုင်းကတော့ ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာဘက်က အတိုင်ပင်ခံရုံးဝန်ကြီးတို့ ရိုဟင်ဂျာအရေးအပြင် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ ကြာသပတေးနေ့မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးအဆင့် ဆွေးနွေးဖို့ရှိပါတယ်။ ဒီနှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ရေး အစီအစဉ် စတင်ဖို့ MoU လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါ တယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ၊ လုံလုံခြုံခြုံနဲ့ အမြန်ဆုံးပြန်လာနိုင်ရေး မျှော်လင့် ချက်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာ ဘင်္ဂလားဒက်ရှ်နိုင်ငံတို့ ဆွေးနွေးပွဲတွေ က ပေါ်ထွက်လာမယ့်ရလာဒ်ကို စောင့်မျှော်နေကြတာဖြစ်ပါတယ်။ ဒုက္ခသည် ပြန်လာနိုင် မယ့် အချိန် သတ်မှတ်ရေးနဲ့ စိစစ်ရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ ပါဝင်ရေးကို ဘင်္ဂလားဒက်ရှ်လိုလားပေမယ့် မြန်မာဘက်က လက်ခံမယ်၊ လက်မခံဘူးဆိုတာ မသိရသေးပါဘူး။

XS
SM
MD
LG