မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်းက ရေပိုင်နက် ပြဿနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်ဂ်မြို့က ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး (ITLOS) မှာ မနေ့ကစပြီး ကြားနာစစ်ဆေးနေပါပြီ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က အခုအမှုရဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ်စားလှယ်အဖြစ် ပါဝင်ပြီး အငြင်းပွားနေတဲ့ ၂ နိုင်ငံအကြားက ကမ်းဦးရေတိမ်ပိုင်းနဲ့ ရေပြင်သီးသန့် စီးပွားရေးဇုန် ပိုင်ဆိုင်ခွင့် မျှမျှတတ ခွဲဝေရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အမြင်တွေကို တရားရုံးမှာ မနေ့က အပြင်းအထန် တင်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးနောက်ပိုင်း ၁၉၇၄ ခုနှစ်တုန်းက ၂ နိုင်ငံ ရေပိုင်နက်ကိစ္စ စိုးရိမ်မှုတွေကို ၂ နိုင်ငံလုံးက သဘောတူညီခဲ့ကြပြီး နှစ်ပေါင်း ၃၀ ကျော် အပြန်အလှန် လေးစားမှု ရှိခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အခု အငြင်းပွားနေကြတဲ့ ဘင်္ဂလား ပင်လယ်အော် တဝိုက်မှာ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့ ဒေသဖြစ်ပြီး အခုနောက်ပိုင်း နှစ်တွေမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကရော မြန်မာပြည်ဘက်ကပါ စွမ်းအင်ဆိုင်ရာ လိုအပ်ချက်တွေကြောင့် ရေပိုင်နက် အငြင်းပွားမှုတွေ ထပ်ပြီး တိုးမြင့်လာခဲ့တာပါ။
၂၀၀၉ ခုနှစ်ကုန်ပိုင်းက ဒီအမှုကို ကိုင်တွယ်ဖို့ နိုင်ငံတကာ တရားရုံးကို တင်ပြခဲ့တာဖြစ်ပြီး ပထမအကျော့ အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ လျှောက်လဲချက် တင်သွင်းရမှာဖြစ်ပြီး မြန်မာဘက်ကတော့ စက်တင်ဘာလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ လျှောက်လဲချက် ပေးရပါလိမ့်မယ်။
ဒုတိယအကျော့ လျှောက်လဲချက် တင်သွင်းမှုတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က စက်တင်ဘာ ၂၂ ရက်နေ့နဲ့ မြန်မာဘက်က ၂၄ ရက်နေ့တို့ ဖြစ်ပါတယ်။
ကြားနာစစ်ဆေးပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တင်ပြဖို့ ရွေးချယ်ခဲ့တဲ့ တရားသူကြီးကတော့ အမေရိကန်နိုင်ငံ မိုင်ယာမီတက္ကသိုလ်က ပါမောက္ခ ဘားနာ့ဒ် အိပ်ချ်. အော့က်စ်မန် (Bernard H. Oxman) ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဂါနာနိုင်ငံက တရားသူကြီး ထောမန်း မန်းရှာ (Thoman Mensah) ကို ရွေးချယ်ထားပါတယ်။