သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘင်္ဂလားနယ်စပ်မှာ မြန်မာတပ်ဖွဲ့တိုးချထားမှု ကန်အနီးကပ် စောင့်ကြည့်နေ


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Heather Nauert

တကျော့ပြန် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်ရာက သံတမန်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

"ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ စိုးရိမ်မှုအပေါ် နားလည်ကြောင်းနဲ့ လတ်တလောမှာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း" အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Heather Nauert က မနေ့တုန်းက ၀ါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

၂ နိုင်ငံ နယ်စပ်အနီး မြန်မာဘက်ခြမ်းမှာ ရာဂဏန်းချီတဲ့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ ရှိခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာတာဝန်ရှိသူတွေကို တရားဝင် ကန့်ကွက်ခဲ့ပြီးနောက်မှာပဲ အမေရိကန်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဒုက္ခသည် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ အတွက်လည်း နိုင်ငံတကာ အသိုင်းအ၀န်းက အခြေအနေကို အနီးကပ်စောင့်ကြည့် နေကြတာပါ။

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအာဏာပိုင်တွေကတော့ ထောင်ဂဏန်းချီရှိတဲ့ ရိုဟင်ဂျာတွေ ယာယီနေထိုင်နေကြတဲ့ ၂ နိုင်ငံကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ နယ်မြေအနီး မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးတွေနဲ့အတူ နေရာယူခဲ့တာ တွေ့ခဲ့ရပြီး နောက်မှာပဲ မနေ့တုန်းက ချက်ခြင်းဆိုသလို၊ မြန်မာတာဝန်ရှိသူတွေကို ကန့်ကွက်ခဲ့ကြပါတယ်။ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အသံချဲ့စက်တွေနဲ့ ဒုက္ခသည်တွေကို မောင်းထုတ်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့တာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ARSA အစွန်းရောက်အဖွဲ့ အပါအ၀င် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေအရ တုံ့ပြန်ဆောင်ရွက်ခဲ့တာသာ ဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရန်လိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG