သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှနယ်စပ် ပစ်ခတ်မှု မြန်မာကန့်ကွက်စာ ပေးပို့


နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းက ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်ဖက်ကို ကန့်ကွက်စာ ပေးပို့ထားပါတယ်။ ဒီပစ်ခတ်မှုဟာ တနင်္ဂနွေနေ့ ညနေပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်သူကပစ်သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောမြို့နယ် အောင်သပြေကျေးရွာအနီးမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ယောက်ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံပိုင်နက်အတွင်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒီပစ်ခတ်မှုဟာ တနင်္ဂနွေနေ့ ညနေ ၆ နာရီလောက်မှာ ဖြစ်ပွားခဲ့တာပါ။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တာနဲ့ပတ်သက်ပြီး မြန်မာဖက်က ကန့်ကွက်ထားကြောင်းကို နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ ဖြစ်တာက ဟိုဖက်ထဲကနေပစ်တာပေါ့။ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကနေပစ်တာ။ အဲဒါကို ကန့်ကွက်တာပေါ့။ ဘင်္ဂလားဒေ့ရ်ှ ဖက်အခြမ်းမှာ ဘင်္ဂလားဒေ့ရ်ှတပ်ဖွဲ့တွေမဟုတ်ရင် ဘယ်လက်နက်ကိုင်အဖွဲ့တွေရှိနေလဲပေါ့။ ဘင်္ဂလားဒေ့ရ်ှဖက်က ပြန်စစ်ဖို့ လိုလိမ့်မယ်။ ဖြစ်သွားတဲ့အပေါ်မှာတော့ အသေအပျောက်တော့ မရှိဘူး။ သို့သော် ဒါက နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့အတွက် မဖြစ်သင့်ဘူးပေါ့။ မဖြစ်သင့်တဲ့အတွက် ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ဖက်ကို နယ်ခြားစောင့် တပ်အချင်းချင်း ကန့်ကွက်ထားတာ။”

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ၄၅နဲ့ ၄၆ကြားမှာဖြစ်ပွားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတဲ့ အခြေအနေကို ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“၄၅ နဲ့ ၄၆ကြားဗျ။ ကင်းစခန်းကို ပစ်တာမဟုတ်ဘူး။ သူတို့က ဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန်မှာ လှမ်းပစ်တာ။ လှမ်းပစ်တော့ ဒီဖက်ကလည်း ပြန်ပစ်တယ်။ နောက်တယောက်က ကျန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သတင်းပို့တယ်။ ပို့တဲ့အခါ နောက်ထပ် ၂၀လောက် လိုက်လာတဲ့အချိန်မှာ ဟိုအဖွဲ့က အဲဒီမှာ ရှိသေးတယ်။ ဟိုအဖွဲ့ဆိုတာ နောက်ချန်ကျန်ခဲတဲ့ ရဲအဖွဲ့ပေါ့။ အဲဒီရဲအဖွဲ့နဲ့ ခေါ်ပြီးတော့ ပြန်လာတာ။ ပစ်တဲ့နေရာကတော့ ဟိုဖက်ခြမ်းက ပစ်တာပေါ့။ ဟိုဖက်က အချက်၃၀လောက်ပစ်တယ်။ ဒီဖက်ကလည်း ပြန်ပစ်တာအချက်၃၀လောက်ရှိတယ်။”

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ရက်နေ့ကလည်း မိုင်တိုင်အမှတ် ၄၆နဲ့ ၄၇အကြားမှာ ပစ်ခတ်မှုတကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုကတော့ အောင်သပြေကျေးရွာက ဒိုင်းနက်အမျိုးသား ၄ယောက်ဟာ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်ပြီး တောဝက်လိုက်ချိန်မှာ အရပ်ဝတ်နဲ့ လူ ၁၅ ဦးလောက်က သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် ၂ယောက်သေဆုံးပြီး ၂ယောက် ဒဏ်ရာရခဲ့ကြောင်း အစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ ဖော်ပြတာမရှိပါဘူး။

ပြီးခဲ့တဲ့သြဂုတ်လ ၂၅ရက်နေ့ ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ကို လူ ၆သိန်းလောက် တိမ်းရှောင်သွားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာအစိုးရကတော့ တိမ်းရှောင်သွားသူတွေထဲမှာ ARSA အကြမ်းဖက်အဖွဲ့မှာ ပါဝင်သူ နဲ့ ကူညီအားပေးသူ ၇၀၀လောက်ပါဝင်နေပြီး အဲဒီသူတွေကိုစုံစမ်းဖော်ထုတ်ဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို စာရင်းပေးပို့ထားပါတယ်။ တပ်မတော်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်သူ ၂ထောင်ကျော်ဟာ ဘင်္ဂလားဒေရ်ှကို တိမ်းရှောင်သွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG