သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် မြန်မာတပ်တိုးမြှင့်ချမှု ဘင်္ဂလားဒေ့ရ်ှကန့်ကွက်


ဘင်္ဂလား-မြန်မာနယ်စပ် မြန်မာတပ်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ။
ဘင်္ဂလား-မြန်မာနယ်စပ် မြန်မာတပ်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြားခံ နယ်မြေမှာ မြန်မာဖက်က လုံခြုံရေးတွေ တိုးမြှင့်ချထားတဲ့အပေါ် တရားဝင် ကန့်ကွက်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ကြတဲ့ ၂ နိုင်ငံ နယ်စပ်အနီး၊ မြန်မာဘက်ခြမ်းမှာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ လောက် ရောက်ရှိလာတာ တွေ့ရကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားလုံခြုံရေး တာဝန်ရှိသူတွေကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။

နယ်စပ်ခြံစည်းရိုးအနီး ရောက်လာကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ မော်တာအမြောက်တွေ အပါအဝင် လက်နက်ကြီးတွေကို ရွှေ့ပြောင်းနေရာချနေပုံ ရတယ်လို့လည်း အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အရာရှိတဦးနဲ့ နယ်ခြားစောင့် ၂ ဦးကို ကိုးကားဖော်ပြထားပါတယ်။ ၂ နိုင်ငံ နယ်ခြားဒေသက ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ နယ်မြေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ထွက်ခွာသွားဖို့ မြန်မာတပ်ဖွဲ့တွေက အသံချဲ့စက်တွေနဲ့ ပြောဆိုခဲ့ကြောင်းလည်း ရိုဟင်ဂျာခေါင်းဆောင် တယောက်က ပြောဆိုခဲ့တာပါ။

နယ်စပ်အနီး စစ်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ရာရောက်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဗိုလ်မှူးချုပ် Mujibur Rahman ကပြောပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တရားဝင်ကန့်ကွက်စာ ပေးပို့ထားပြီး၊ တေ့ွဆုံဆွေးနွေးဖို့ အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က နှုတ်နဲ့ကန့်ကွက်ခဲ့ရာမှာတော့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လက်နက်ကြီးတွေကို ပြန်လည်ဖယ်ရှားခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ် ပြောခွင့်ရသူကတော့ နယ်စပ်ဒေသက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အတည်ပြုပြောဆိုဖို့ ငြင်းဆန်ခဲ့သလို၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကလည်း တစုံတရာ ဖြေကြားတာမျိုး မရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ကြသလို၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းခွဲကျော် ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG