သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရ်ှ-မြန်မာ သဘောတူလက်မှတ်ထိုး


ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရ်ှ-မြန်မာ သဘောတူလက်မှတ်ထိုး (Zaw Htay)
ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရ်ှ-မြန်မာ သဘောတူလက်မှတ်ထိုး (Zaw Htay)

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေထွက်သွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး အစီအမံတွေနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် ၂ နိုင်ငံကြား ဒီကနေ့ကြာသပတေးနေ့မှာ သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ ၁၉ ၉ ၂ ခုနှစ် သဘောတူညီချက်နဲ့အညီ နေရပ်စွန့်ခွာသွားသူတွေကို စနစ်တကျ စိစစ်လက်ခံလက်ခံတဲ့နေရာမှာ လိုက်နာဆောင်ရွက်မယ့် အထွေထွေ မူဘောင်တွေ။ မူဝါဒရေးရာ အစီအမံတွေကို လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ အပြည့်အစုံကို ဗီအိုအေသတင်းထောက် မမေခက ဆက်ပြီးတင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရၤှ့နိုင်ငံဖက်ထွက်သွားတဲ့ သိန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ ပြန်လက်ခံရေးနဲ့ပါတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ နိုဝင်ဘာ ၂၂ ရက်နေ့ နေပြည်တော်မှာ ဆွေးနွေး သဘောတူခဲ့ကြပြီးနောက် ဒုက္ခသည်တွေပြန်လက်ခံရေး အစီအမံတွေကို နိုဝင်ဘာ ၂၃ ကြာသပတေးနေ့မှာ သဘောတူ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ သဘောတူစာချုပ်ထဲမှာ ၁၉ ၉ ၂ ခုနှစ် သဘောတူညီချက်နဲ့အညီ နေရပ်စွန့်ခွာသွားသူတွေကို စနစ်တကျ စိစစ်လက်ခံလက်ခံတဲ့နေရာမှာ လိုက်နာဆောင်ရွက်မယ့် အထွေထွေ မူဘောင်တွေ။ မူဝါဒရေးရာ အစီအမံတွေပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီသဘောတူညီချက်နဲ့ပတ်သတ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး ကိုဆက်သွယ် မေးမြန်းတာ မှာ သူက ခုလိုပြောပါတယ်။

“Statement ထုတ်တယ် အခုအဲဒါလေးကြည့်လိုက်ပါလား အခုပဲတင်လိုက်တယ်၊ အဲဒီထက်လည်း ပိုပြောမှာမဟုတ်ဘူး။ ပိုပြောဖို့လည်းမရှိပါဘူး။ အဲဒီမှာ သတင်းထုတ်ပြန်ချက်သာ ဖတ်လိုက်ပါနော်။”

အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်လာတဲ့ အရေးကိစ္စတွေကို ၂ နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းပြီးမှာ ဖြေရှင်းနိုင်မယ်ဆိုတဲ့ ရပ်တည်ချက်အတိုင်း မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုကို အခြေခံပြီး သဘောတူညီမှုရအောင်လုပ်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဆိုထားပါတယ်။ အနောက်နိုင်ငံတွေနဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့တို့က ဒီကိစ္စကို နိုင်ငံတကာအရေးကိစ္စအဖြစ် ပုံဖော်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်တွေ ချခဲ့တာ။ ကုလသမဂ္ဂ လုံခြုံရေးဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ခုလို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား ဒုက္ခသည်တွေပြန်လက်ခံရေး အစီအမံတွေကို သဘောတူခဲ့တယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်အသိပေးခြင်း မရှိသေးပါဘူး ။ ဒုက္ခသည်တွေပြန်လက်ခံနိုင်ရေး လုပ်ငန်းစဉ်တွေကို စတင်နိုင်မယ့်ခြေလှမ်း စတင်လိုက်တာဖြစ်တာမို့ တိုးတက်မှုဖြစ်တယ်လို့ ရခိုင်အရေးလေ့လာစောင့်ကြည့်နေသူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် သုံးသပ်ချက်ပါ။

“ဆွေးနွေးမှုရလဒ်ကတော့ ပထမတချက်ကောင်းသွားပြီလေ။ ဒီမူဘောင်တို့ အထွေထွေမူဝါဒတွေ အဲဒီအဆင့်တွေ ရပြီဆိုရင် နောက်အသေးစိတ်အချက်အလက်တွေကို ထပ်ပြီးတော့ မခက်တော့ဘူးပေါ့နော် ဒီလိုပဲ တဆင့်ပြီး တဆင့်သွားရမှာပေါ့နော်။ အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းရင်းနဲ့ အဖြေက ထွက်လာမှာပေါ့နော်။ အဲဒီတော့ အကျိုးကျေးဇူးကတော့ ၂ ခု ရှိတယ်။ ပထမတခုကတော့ဘင်္ဂလားဒေ့ရှ်ကလည်း ဘာပဲပြောပြော မြန်မာအစိုးရနဲ့ သေချာညှိနှိုင်းပြီးတော့ သဘောတူ ညီပြီးတော့ အလုပ်လုပ်မယ်ဆိုတာမျိုးရှိတဲ့အခါကျတော့ ဒါကတော့ ကောင်းတဲ့ လက္ခဏာပေါ့နော်။ ဒုတိယတခုကတော့ ဘယ်အဆင့်ပဲရောက်ရောက် နားလည်မှု လက်မှတ်ထိုးနိုင်တဲ့ အချိန်တခုကို ရောက်လာတယ်ဆိုတာကလည်း ကောင်းတဲ့ကိစ္စပေ့ါ။ အသေးစိတ်တွေကျန်ဦးမယ်၊ အသေးစိတ်တွေပြီးရင်တောင် ဒီကိစ္စကြီးက ပြီးဦးမှာမဟုတ်ဘူး လက်တွေ့ အဲဒီအလုပ်ကြီးကို အကောင်အထည်ဖော်တဲ့အခါကျရင် ကြုံနိုင်တဲ့ ပြဿနာတွေလည်း ပေါ်လာဦးမှာပဲ ဒါတွေက အဲဒီလိုဖြေရှင်းသွားရမှာပဲလို့ ထင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို သိန်းနဲ့ချီထွက်ခွာသွားကြသူတွေ နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား သဘောတူညီမှုရအောင်လုပ်ဖို့ နိုင်ငံတကာက တိုက်တွန်းနေချိန်မှာ ပထမအဆင့်အနေနဲ့ သဘောတူ စာချုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG