သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပထမသုတ် ပြန်လက်ခံရေး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ဆွေးနွေး


ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ပြီးခဲ့တဲ့ သြဂုတ်လက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်အနက် ဌာနေပြန်ပို့နိုင်ရေး နှစ်နိုင်ငံကြား စီစစ်ထားပြီးဖြစ်တဲ့ ဒုက္ခသည် ၈၀၀၀ ကို ပထမအသုတ် ပြန်ပို့နိုင်ရေး အတွက် JWG ခေါ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ အခုလို ကျင်းပနိုင်ရေးအတွက် တရုတ်က အဓိက ကြားဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြမှာပါ။

မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် M ရှာဟီဒိုဟက်တို့ ပူးတွဲကမကထပြု ကျင်းပတဲ့ JWG ခေါ် Joint Working Group နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ နိုင်ငံခြားရေးအတွင်းဝင်အဆင့် ဆွေးနွေးပွဲကိုဒါကာမြို့တော်ရှိ အစိုးရ ဧည့်ဂေဟာမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ၂၀၁၇ သြဂုတ်လက မြန်မာလုံခြုံရေးတပ် နယ်မြေရှင်းလင်းမှုကြောင့် တဖက်နိုင်ငံကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်နဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထားတွေ စိစစ်ပြီးသား ရိုဟင်ဂျာ ၈၀၀၀ ပထမအသုတ်ကို အမြန်ဆုံးဌာနေ ပြန်ပို့နိုင်ရေးအတွက် အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့ရှိပါတယ်။

၂ နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယ ကော်မတီရှေ့မှောက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးဟာ မြန်မာအစိုးရ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ လုံခြုံရေးနဲ့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးမှာ အဓိကဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို နေရပ်ရင်းကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။

JWG ခေါ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကျင်းပမှုနဲ့ ပတ်သက်လို့ သံအမတ်ကြီးက အခုလိုအတည်ပြုခဲ့ပါတယ်။

"၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား အလုပ်သဘောဆွေးနွေးခဲ့ပါတယ်။ အတွင်းရေးမှူးကိုလည်း ဖိတ်ကြားခဲ့ပြီး သူလည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးပွဲမှာ ဒုက္ခသည်တွေကို ကောင်းမွန်စွာနဲ့ အလျင်အမြန် လက်ခံနိုင်ရေး သဘောတူညီမှု ၃ ချက်ရခဲ့ပါတယ်။ အဲဒီသဘောတူညီချက်တွေအရ ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ တတိယအစည်းအဝေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၃၀ အထိ ဒါကာမြို့မှာ ကျင်းပမှာဖြစ်ပြီး ဒုက္ခသည်တွေကို စောစောပြန်လက်ခံနိုင်ရေးအတွက် အသေးစိတ်အချက်အလက်တွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။"

နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကျင်းပဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိတွေနဲ့ ဇွန်လက တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့ပြီး စက်တင်ဘာလ ၂၇ မှာတခါ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက နောက်ထပ်သုံးပွင့်ဆိုင် အစည်းအဝေးပွဲကို New York ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ၇၃ ကြိမ်မြောက် အထွေထွေညီလာခံအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်အာလီအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက် နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်း ဘူကနာ တို့လည်းတက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပွဲကို တရုတ်က ဦးစီးပြီး ရရှိခဲ့တဲ့အချက် ၃ ချက်ပါသဘောတူညီမှုနဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ ရှေ့မှောက်မှာ တရုတ်အမြဲတမ်းကိုယ်စားလှယ်က ဘာသာပြန်ကတဆင့် အခုလို ပြောခဲ့ပါတယ်။

" မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ရခိုင်အရေးကို ခင်မင်ရင်းနှီးစွာ တိုင်ပင်ဖြေရှင်းဖို့၊ ဒုတိယက ဘင်္ဂလားဒေ့ရှ်က သူ့နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ပထမအသုတ်ကို ပြန်ပို့ဖို့အဆင်သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာကလည်း ပြန်ပို့ခံရမယ့် ဒုက္ခသည်တွေကိုလက်ခံဖို့ အဆင်သင့်ရှိတယ်လို့ဖြေခဲ့ပါတယ်။ တတိယက ၂ နိုင်ငံကြားပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးပွဲကို အမြန်ဆုံးကျင်းပပြီး လက်ခံရေးအတွက် လမ်းပြမြေပုံဆွဲနိုင်ရေးနဲ့ အမြန်ဆုံးလက်ခံနိုင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီသဘောတူညီမှုကို မြန်မြန်အကောင်အထည်ဖော်ကြိုးပမ်းနေတာကိုတွေ့ရတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ အားရကြေနပ်မိပါတယ်"

တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတို့ကို ဖောက်လုပ်ထားတဲ့အတွက် ရခိုင်ပြည်နယ်တည်ငြိမ်ရေးဟာ သူ့နိုင်ငံအတွက် အထူးဂရုစိုက်ရမယ့်အနေအထားဖြစ်တယ်လို့ သံတမန်ရပ်ကွက်က သုံးသပ်တာတွေရှိပါတယ်။

ဒီကနေ့စတင်မယ့် JWG ပူးတွဲဆွေးနွေးပွဲမစခင် တနင်္ဂနွေနေ့ကတော့ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အဆင့်မြင့်အရာရှိတွေအနေနဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စမူဘောင်တွေကို ကြိုတင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင်အောက်တိုဘာ ၂၉-၃၀ အထိ အစည်းအဝေးကျင်းပပြီး ၃၀ ရက်နေ့မှာတော့ ၂ နိုင်ငံရဲ့ JWG အဖွဲ့ဝင်တွေအနေနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုဖု့ိ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG