သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှ ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ


ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန် နှင့် မြန်မာပြည်ထဲရေးဝန်ကြီး (Asaduzzaman Khan Facebook)
ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန် နှင့် မြန်မာပြည်ထဲရေးဝန်ကြီး (Asaduzzaman Khan Facebook)

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးတဲ့အခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ပြန် လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသကြားမှာ ရှိတဲ့ ကိစ္စတွေကို ဆွေးနွေးမှာဖြစ်တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ ဒီကနေ့နေပြည်တော်ကိုရောက်လာတဲ့ ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန်ရဲ့ခရီးစဉ်အတွင်း ၂ နိုင်ငံကြား လုံခြုံရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာတွေကို လက်မှတ်ထိုးကြဖို့လည်းရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက စုံစမ်းတင်ပြထားပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသကြားမှာ ရှိတဲ့ ကိစ္စများကို ဆွေးနွေးသွားဖို့အတွက် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလာဒေရှ့်နိုင်ငံဖက်ထွက်ပြေးရောက်ရှိနေတဲ့ မွတ်ဆလင်တွေကို ပြန် လည် လက်ခံရေးဆိုင်ရာ ကိစ္စရပ်အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသကြားမှာ ရှိတဲ့ ကိစ္စများကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး က ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။

“၂ နိုင်ငံကြားကိစ္စရပ်တွေအများကြီးရှိတယ် အဲဒါတွေကိုဆွေးနွေးမှာ အဲဒီထဲမှာမှ ဒီပြန်လည်လက်ခံရေးကိစ္စက အကြောင်းအရာတခုအဖြစ်ပါဝင်မှာ ။ဒါပေမယ့် Minister level ကတော့ ပြည်ထဲရေးပဲ ၊ ပြည်ထဲရေးဝန်ကြီးတယောက်ပဲပါတယ်။ ဝန်ကြီးဌာန ကိုယ်စားလှယ်တွေ ပါတယ်။”

အစိုးရဘက်ပိုင်းက ဆွေးနွေးမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဘင်္ဂလားဒေရှ့် သတင်းဌာနတွေဘက်ကတော့ဘင်္ဂလား ဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန် နဲ့ မြန်မာနိုင်ငံကြား နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU ၂ ခုကို လက်မှတ်ရေး ထိုးသွားမယ်လို့ ဖော်ပြနေကြပါတယ်။ မနက်ဖြန်အောက်တိုဘာ ၂၄ ရက်နေ့ကျရင် နေပြည်တော်မှာ MOU လက်မှတ်ထိုးပွဲရှိပါတယ်။ ဘင်္ဂလားဒေရှ့်ဖက်ရောက်နေသူတွေ ပြန်လက်ခံရေးကိစ္စကတော့ ဒီတခေါက် MOU ထိုးတဲ့ထဲမှာ ပါမှာမဟုတ်ဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

“MOU မထိုးသေးပါဘူး ဆွေးနွေးမှာပါ။ ဆွေနွေးမှာ ညှိလို့မရခင် ဘာမှ ပြောလို့မရဘူး။ ကျနော်တို့ပြောပြီးသား ၁၉၉၃ သဘောတူညီချက် အခြေခံမှုကိုလုပ်မယ် ဟိုဘက်ကလည်း ထပ်ညှိမယ် ။ ညှိလို့ရမှပဲလုပ်မယ် အခုက ကျနော်တို့က တဖက်တည်းပဲ လုပ်လို့မရဘူး။ Negotiate လုပ်တာကို ကြိုပြောလို့မရဘူး။ ကျနော်တို့ဘက်က ၁၉၉၃ သဘောတူညီချက်ဆိုတာက အတိုင်ပင်ခံက ပြောသွားတယ် အဲဒါက အစိုးရရဲ့ Policy ပဲ။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အစ္စလမ်ဘာသာဝင် တွေကို ပြန် လည်လက်ခံရေး ပိုင်းက ဆွေးနွေးတဲ့ထဲမှာ ကဏ္ဍတခုအနေနဲ့ ပါဝင်ဖို့ ရှိနေပြီး လက်ရှိချိန်မှာ အစိုးရဘက်ကတော့ ၁၉၉၃ ခုနှစ် ထွက်ပြေးသူများ ပြန်လည်လက်ခံရေး သဘောတူညီချက်နဲ့သာလက်ခံ သွားမယ်လို့ ပြောထားပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကတော့ ၁၉၉၃ သဘောတူညီချက်ဟာ လက်တွေ့ကာလနဲ့ မကိုက်ညီတော့ ဘူးလို့ စောဒကတက်ထားတာ ရှိနေတာမို့ ဒီကိစ္စက ဆွေးနွေးညှိုနှိုင်းရဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်နေ့ ရွှေပြည်သာစက်မှုဇုံမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်း ဆွေက ထွက်ပြေး အစ္စလမ် ဘာသာဝင်တွေလက်ခံရေးက နှစ်နိုင်ငံ ဆွေးနွေးမှုအပြီး နှစ်နိုင်ငံလုပ်ငန်း အကောင် အထည်ဖော် ရေးအဖွဲ့ (Working Group) များ ဖွဲ့စည်ကာ စိစစ်လက်ခံမယ်လို့ပြောဆိုထားပါတယ်။ ပြန်လာချင်သူ များကို လျှောက်လွှာပုံစံ ဖြည့်သွင်းစေပြီး အချက်အလက် မှန်ကန်မှသာ လက်ခံမယ်လို့ ပြောဆိုထားပါတယ်။

၁၉၉၃ သဘောတူညီချက်ဟာ လက်တွေ့ကာလနဲ့ မကိုက်ညီတော့တာမို့ ဒီသဘောတူညီချက်နဲ့ လက်ခံဖို့မဖြစ် နိုင်ဘူးလို့ ဘင်္ဂလားဒေရှ့်ဘက်က စောဒကတက်ထားတာပါ။ ဒီအပေါ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် ကတော့ ဒီအပေါ် ခုလိုတုံ့ပြန်ပါတယ်။

“နိုင်ငံတော်အစိုးရကလည်း တရားဝင်ကြေညာထားပြီးသားဖြစ်တယ် အဲဒီ၁၉၉၃ မှုကို အခြေခံပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၁၉၉၃ မှုကိုအခြေခံပြီးတော့ တကယ်လို့ ခေတ်ကာလအရ မဖြစ်မနေ ပြင်ရမယ်ဆိုရင်လည်း ၁၉၉၃ မှုကို မကျော်လွန်ပဲနဲ့ လုပ်သွားမယ်ထင်ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလအစက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သုံးရက် ကြာ သွားရောက်ပြီး ထွက်ပြေး ခဲ့တဲ့ အစ္စလမ်ဘာသာဝင် တွေရဲ့ အရေးနှင့်ပတ် သက်လို့ ဆွေးနွေး ခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံမှာ ၃ ရက်ကြာနေထိုင်မယ့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးရဲ့ ဒီခရီးစဉ်မှာ ဝန်ကြီး နှင့်အတူ အတွင်းဝန်နှစ်ဦး၊ ရဲချုပ်၊နယ်ခြားစောင့်ရဲချုပ်၊ ကမ်းခြေစောင့်ရဲချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနမှ အကြီးအကဲများ အပါအဝင် အစိုးရအရာရှိကြီးများ ပါဝင်လာတယ်လို့ ဘင်္ဂလားဒေရှ့်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG