သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးလုပ်ပိုင်ခွင့် စည်းမျဉ်းသစ် စစ်အစိုးရ ထုတ်ပြန်


برازیل میں عمر رسیدہ خواتین کے مقابلہ حسن، یہ مقابلہ مدرز ڈے کی تقریبات کا حصہ ہے جو 12 مئی کو<br />
منایا جائے گا۔&nbsp;&nbsp; &nbsp;<br />
برازیل میں عمر رسیدہ خواتین کے مقابلہ حسن، یہ مقابلہ مدرز ڈے کی تقریبات کا حصہ ہے جو 12 مئی کو<br /> منایا جائے گا۔&nbsp;&nbsp; &nbsp;<br />

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း အပါအဝင် တခြားစီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်တွေကို မြန်မာစစ်အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်း အသစ်တွေကို တကယ် လက်တွေ့ ကျင့်သုံးမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားဝင်ငွေ ရရှိသူတွေအတွက် ရေရှည်မှာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ အစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကလက် လွှဲပြောင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့ အထဲမှာ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း အသစ်တွေကိုလည်း ထုတ်ပြန်လာပါတယ်။ ဒီကနေ့ပဲ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့မှာ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်တွေနဲ့ ဆိုင်တဲ့ အမိန့်ကြေညာချက်တွေ ကပ်ထားတာကို တွေ့ခဲ့ရတယ်လို့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဆရာစိန်က ပြောပြပါတယ်။

“ဘဏ်က ဒီနေ့ ကြေညာချက်တွေ ထွက်တယ်။ အဲဒါက ကျနော်တို့ အရင်တုန်းက Export Earning လုပ်နေတဲ့ ငွေတွေတင် မကဘဲ အခု နိုင်ငံခြားမှာ သွားလုပ်တဲ့ လူတွေရဲ့ တရားဝင် ငွေတွေကို သံရုံးအခွန်ဆောင်တာတို့၊ ဘဏ်အခွန်ဆောင်တာတို့ ပါပြီးရင် အဲဒီငွေတွေလည်း Earning အဖြစ် သုံးခွင့်ပြုမယ်။ နောက်တခုက ပြည်တွင်းမှာ ရတနာရောင်းလို့ရတဲ့ ပိုက်ဆံ၊ နောက်တခုက FEC နဲ့ ဒေါ်လာနဲ့ ရောင်းလို့ရတဲ့ ပိုက်ဆံ၊ ပြီးတော့ မြန်မာမှု အရုပ်ကလေးတွေ ရောင်းလို့ရတဲ့ ပိုက်ဆံ၊ အဲဒါမျိုးတွေလည်း ပေးမယ်ဆိုတဲ့ ကြေညာချက်တခု ထွက်တယ်။

“နောက်တခုက Earning တွေ ဟိုတုန်းက Transfer လုပ်လို့ရှိရင် Transfer က မူရင်း တဆင့်ပဲပေါ့၊ Export ကုမ္ပဏီက Earning တခုရောင်းရင် One ကနေ Two, Three, Four လက်ထဲပေါ့ဗျာ၊ ကြိုက်သလို အပြောင်းအလဲ လုပ်နိုင်တယ်ဆိုတာ တခုလည်း ဒီနေ့ ထွက်တယ်။ အဲဒီကြေညာချက်လည်း ဘဏ်မှာ ကပ်ထားတယ်။ ပြီးတော့ FEC နဲ့လည်း ပြည်တွင်းမှာရှိတဲ့ဟာကို ဒေါ်လာကဲ့သို့ သုံးနိုင်တယ်ဆိုတဲ့ ကြေညာချက်တခုလည်း ကပ်ထားတယ်။ အဲလိုဖြစ်တယ်၊ ဒီနေ့။ ထူးထူးခြားခြားပေါ့ဗျာ။”

အဲဒီ အမိန့်ကြေညာချက်တွေကို နိုင်ငံခြားငွေ ကြီးကြပ်ရေး ကော်မရှင် အကြီးအကဲကိုယ်တိုင် လက်မှတ်ထိုးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို လုပ်ထုံးလုပ်နည်း အသစ်တွေ ထုတ်ပြန်လိုက်တာက ပြည်ပမှာ အလုပ်ထွက်လုပ်နေသူတွေ အပါအဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ တော်တော်များများ သွင်းကုန် တင်သွင်းခွင့် ရရှိမယ်ဆိုတဲ့ လက္ခဏာ ဆောင်နေတာကြောင့် ဒေါ်လာဈေးလည်း ဒီကနေ့ အနည်းငယ် ကျသွားတယ်လို့ ဆိုပါတယ်။

“အခုကျတော့ Earning တွေ များလာတော့မှာပဲ ဆိုပြီး Earning ဈေးက ၁၀၉၈ လောက်ကနေ တဖြည်းဖြည်း ကျလာတာ ဒီနေ့ ၁၀၂၀ မှာ ရပ်သွားတယ်။ ၁၀၂၀ ကျတော့ ဝယ်ချင်သူက နည်းနည်းများလာတာပေါ့။ သုံးထားတဲ့ ဝေါဟာရကို ကြည့်ရတာကတော့ သွင်းကုန်ပေါ့၊ Import Right ရရှိမယ်လို့ သေသေချာချာ ရေးထားတယ်။ Import Right ရရှိမယ်လို့ ရေးထားတော့ အရင်တုန်းက Export Earning ဆိုတာ အကန့်အသတ် တခုလို ဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ပို့ရတဲ့ ပစ္စည်းတွေကသာလျှင် Export Earning မဟုတ်တော့ဘဲနဲ့ နိုင်ငံခြား သွားလုပ်တဲ့သူရဲ့ ဟာကလည်း Export Earning အဖြစ် ဖြစ်လာတယ်။

“အဲဒါတင်မကဘူး၊ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာပေါ့ဗျာ။ အဲတော့ ရေးထားတဲ့ စကားလုံးလေးတွေက ကြေညာချက်မှာကျတော့ သွင်းကုန် Right၊ Import Right ရရှိထားသော Earning လို့ ရေးထားတာကို ကြည့်ရင် ရှေ့လျှောက်ကြတော့ နိုင်ငံခြားသွားလုပ်တဲ့ လူတွေဟာ သူတို့ကြိုက်တဲ့ ပစ္စည်းတွေကို သွင်းခွင့် ရကောင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မှန်းကြည့်လို့ရပါတယ်။”

အခုလို ပိုမိုပွင့်လင်းတဲ့ လုပ်ထုံးလုပ်နည်း အသစ်တွေ ထုတ်ပြန်လိုက်တာဟာ တကယ် လက်တွေ့ ကျင့်သုံးရင် ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ ဆရာစိန်က သုံးသပ်ပါတယ်။

“အခုဟာတော့ ကောင်းတဲ့လက္ခဏာ၊ ပြောင်းလဲလာတဲ့ လက္ခဏာပါ၊ နိုင်ငံတကာ နယ်ပယ်ထဲမှာရှိတဲ့ စီးပွားရေးသဘောကို ပြောတာ၊ နိုင်ငံတကာ နယ်ပယ်ထဲမှာတော့ ဝင်ဆန့်အောင် လုပ်ရမယ့် လက္ခဏာလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်အသစ် ၄ ခု ထပ်ဖွင့်ဖို့ စစ်အစိုးရက ခွင့်ပြုမိန့် ချပေးပြီး မကြာခင် လအနည်းငယ်အတွင်း ဒီဘဏ်တွေ ဖွင့်နိုင်ဖို့ ပြင်ဆင်နေတဲ့ အချိန်နဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီဆိုင်တွေ ပုဂ္ဂလိက ကုမ္ပဏီတွေ လက်ထဲ လွှဲပြောင်းပေးတဲ့ အချိန်နဲ့ အခုလို အမိန့်ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အချိန်ဟာ တိုက်ဆိုင်နေတာမို့ ရေရှည်မှာ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေ အားလုံးကို လွတ်လပ်ခွင့်ပေးမယ့် လက္ခဏာလား ဆိုတာတော့ မသေချာသေးပါဘူး။

“ဒါပေမဲ့ တော်တော်ကြာကြာကြတော့ ဒီဥစ္စာက Import/Export Policy ကို ပြောင်းမှာဖြစ်တဲ့အတွက်၊ ဆိုလိုချင်တာက ပစ္စည်း တော်တော်များများကို လွတ်လွတ်လပ်လပ်ပို့၊ လွတ်လွတ်လပ်လပ်သွင်း ဆိုတဲ့ အနေအထားကို ပြောင်းမှာ ဖြစ်တဲ့အတွက် Earning ခွန်တွေ မလိုအပ်ဘဲ ဈေးတက်မှာစိုးလို့ အခုကတည်းက ဒီဟာတွေကို Liberalize လုပ်ထားသလား ဆိုတာလည်း ကျနော်တို့ သေချာ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းတွေကို သွင်းခွင့်ပေးတော့မယ်ဆိုတဲ့ အနေအထားမျိုးမို့လို့ Liberalize လုပ်သလား။ နောက်တခုက ဒီဇယ်၊ ဓာတ်ဆီတို့ တိုးရမယ့် ပမာဏရှိလို့ Liberalize လုပ်သလား ဆိုတာ သေသေချာချာ ကုန်သွယ်ရေး ပေါ်လစီတော့ အသေအချာ မထွက်သေးဘူးလေ။”

ပုဂ္ဂလိကဘဏ်အဖြစ် ဖွင့်ခွင့်ရထားတဲ့ ကုမ္ပဏီ ၄ ခုကတော့ ထူးကုမ္ပဏီ လီမိတက်၊ Max မြန်မာ၊ IGE ကုမ္ပဏီ လီမိတက်နဲ့ Eden ကုမ္ပဏီ လီမိတက်တို့ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေ အနေနဲ့ ကနဦး မတည်ငွေအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ သန်းစီ ထည့်ဝင်ကြရမှာ ဖြစ်ပြီး ပြည်တွင်း စီးပွားရေးဘဏ် အဖြစ်နဲ့ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ စတင် ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အခုလို ဘဏ်အသစ် ၄ ခု ဖွင့်ခွင့်ပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် စုစုပေါင်း ၂၀ ရှိလာတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG