သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်ကောင်စီ နိုင်ငံတကာဘဏ္ဍာရေးစနစ်အသုံးချမှုကို ကန့်သတ်သွားမည်" ကန်နိုင်ငံခြားရေးဝန်ကြီး


အမေရိကန်နိုင်ငံခြားရေး၀န်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေး၀န်ကြီး Antony Blinken

နိုင်ငံတကာဘဏ္ဍာရေး စနစ်ကို အသုံးချပြီး ပိုမိုအကြမ်းဖက်၊ အကျပ်အတည်းတာရှည်အောင်လုပ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်နိုင်စွမ်းရည်ကို ကန့်သတ်ရာမှာမဟာမိတ်တွေနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မနေ့ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ကာကွယ်ရေးကဏ္ဍ ကို မြန်မာစစ်တပ်က နိုင်ငံခြားငွေနဲ့ လွှဲပြောင်းပေးချေနေနိုင်တာကိုလည်း ကန့်သတ်နေတယ်လို့ ဝန်ကြီး အန်ထော်နီဘလင်ကန်က သူ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ မြန်မာနိုင်ငံက နိုင်ငံပိုင် ဘဏ်လုပ်ငန်း ၂ ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူ လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကကြေညာချက်ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူလိုက်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တွေ ကို နိုင်ငံခြား က လက်နက်တွေ ကို နိုင်ငံခြားငွေ နဲ့ ဝယ်ယူရာမှာ စစ်တပ် က အသုံးပြုခဲ့တယ်လို့လည်း မစ္စတာ ဘလင်ကန် က ပြောပါတယ်။ ဒီဘဏ်တွေရဲ့ နိုင်ငံခြားဘဏ် စာရင်းတွေ ကို အသုံးပြုပြီး၊ နိုင်ငံတော်ပိုင် စီးပွါးရေးလုပ်ငန်းတွေရဲ့ ဝင်ငွေ နဲ့ နိုင်ငံတကာ စျေးကွက် ကို စစ်ကောင်စီ က လွယ်လွယ် ကူကူလက်လှမ်းမီဖို့ ဒီ ဘဏ်တွေ က အရေးပါခဲ့တာကိုလည်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေက သူတို့တိုင်းပြည်အတွက် ငြိမ်းချမ်းပြီး တရားမျှတတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အနာဂတ် ကို ရယူဖို့ ကြိုးစားနေတာ ကို အမေရိကန် က မယိမ်းမယိုင် ထောက်ခံသွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလက်ကန်က ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG