ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အာရှထိပ်သီး ညီလာခံ တက်မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ မြန်မာနိုင်ငံအရေး ဆွေးနွေးဖို့ မျှော်လင့်တယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံကို မသွားခင် မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့ ထိုင်းနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ထဲမှာ တရုတ်နိုင်ငံကိုလည်း သွားဖို့ရှိနေတဲ့အတွက် ဒီခရီးစဉ် တခုလုံးမှာ မြန်မာနိုင်ငံအကြောင်း ဘယ်လောက် ပြောဖို့ရှိသလဲဆိုတာ သိရဖို့ ကိုရန်နိုင်က ဒေါက်တာသောင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ သူက အခုလို စပြောပါတယ်။
“ကျနော်တို့ သိသလောက်ကတော့ ရည်မှန်းချက် နှစ်ခုရှိတယ်ပေါ့။ တခုကတော့ ကုလသမဂ္ဂနဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်ပြီး အဲဒီမှာ ရောက်နေတဲ့ နအဖဘက်က ခေါင်းဆောင်တွေနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေးဖို့ကိစ္စ ရှိတယ်။ ဆွေးနွေးဖို့ ကိစ္စတွေက ရွေးကောက်ပွဲ အနေအထားပိုင်းရော၊ ရွေးကောက်ပွဲအလွန် ကာလ ကိစ္စတွေရော၊ အဲဒီမှာ ကုလသမဂ္ဂက ဘယ်လို ဆက်ပြီးတော့ ဆောင်ရွက်ဖို့ သဘောထားတွေ ရှိတယ်၊ နိုင်ငံတကာရဲ့ အမြင်တွေက ဘယ်လိုရှိတယ်၊ ဒါတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်တယ်။
“နောက် ဒုတိယ အချက်ကတော့ အိမ်နီးချင်း နိုင်ငံတွေ၊ မြန်မာ့နိုင်ငံရေးမှာ တနည်းတဖုံ ပါဝင် ပတ်သက်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေပေါ့၊ ထိုင်းနိုင်ငံတို့၊ တရုတ်နိုင်ငံတို့၊ ဒီနိုင်ငံတွေမှာလည်း အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို အားပေးပါတယ်၊ ထောက်ခံပါတယ် ဆိုတာကို အပြောမဟုတ်ဘဲ လက်တွေ့အရ နအဖအနေနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပူးပေါင်း ဆောင်ရွက်လာအောင် ဘယ်လိုမျိုး သံတမန်ရေးအရ တွန်းအားပေးနိုင်မလဲ၊ လုပ်ပေးနိုင်မလဲပေါ့၊ ဒီကိစ္စတွေလည်း ဆွေးနွေးဖို့ ရှိပါတယ်။
“နောက်ဆုံး အထွေထွေ ညီလာခံကို တင်တဲ့ အစီရင်ခံစာမှာ အထွေထွေ အတွင်းရေးမှူးချုပ်က တည့်တည့် ပြောထားပါတယ်။ နအဖအနေနဲ့ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာပြည် နိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်လို့ ပါးစပ်က ဘယ်လောက်ပဲပြောပြော လက်တွေ့မှာ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုက လုံးဝ မရှိဘူး၊ အကြံပြုချက်တွေကို လိုက်နာ ဆောင်ရွက် အကောင်အထည်ဖော်ခြင်း မရှိဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အိမ်နီးချင်း နိုင်ငံတွေက ဘယ်လိုမျိုး ၀ိုင်းဝန်း ကူညီပြီး ဆောင်ရွက်ပေးမလဲ ဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ ရှိမယ်လို့ ကျနော်တို့ ထင်ပါတယ်။”
ဟနွိုင်း ထိပ်သီးညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သီးသန့် တွေ့ဆုံမယ်လို့ရော သိရပါလား။
“ဟုတ်ကဲ့၊ သီးသန့်ပေါ့၊ UN နဲ့ အာဆီယံ ထိပ်သီးညီလာခံ ကာလမှာ သီးသန့်ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ နအဖ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ရွေးကောက်ပွဲ နီးကပ်လာတဲ့ အနေအထားမှာ ဒီရွေးကောက်ပွဲပေါ်မှာ နိုင်ငံတကာရဲ့ အမြင်နဲ့ မြန်မာပြည် နိုင်ငံရေး ဖြေရှင်းရေးမှာ ကုလသမဂ္ဂက ဘယ်လို ဆောင်ရွက်စေချင်တယ် ဆိုတဲ့ နိုင်ငံတကာ သဘောထားတွေကို ဆွေးနွေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
နောက်တချက်က မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိ၊ မရှိ နိုင်ငံတကာ ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ကိစ္စကိုရော မစ္စတာ ဘန်ကီမွန်း ပြောမယ်လို့ ထင်ပါသလား။ ဒီကိစ္စအပေါ်မှာ အာရှနိုင်ငံ တော်တော်များများ၊ အထူးသဖြင့် တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ အခါကျတော့ အခု အာရှခရီးစဉ်မှာ ဒီအကြောင်း ပြောနိုင်ပါ့မလား။
“ကျနော့်အမြင်ကတော့ ဒီကိစ္စဟာ အခုလောလောဆယ် ကျင်းပနေတဲ့ အထွေထွေ ညီလာခံနဲ့လည်း ပတ်သက်တယ်၊ လူ့အခွင့်အရေး ကောင်စီတို့ ဘာတို့နဲ့လည်း ပတ်သက်တယ်ဆိုတော့ အဲဒီလို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးနဲ့ သက်ဆိုင်တဲ့ အထွေထွေ ညီလာခံတို့၊ လူ့အခွင့်အရေး ကောင်စီတို့၊ လုံခြုံရေးကောင်စီတို့ အဲဒီတခုခုက နေပြီးတော့ ဆုံးဖြတ်ချက် မကျမချင်းတော့ လောလောဆယ် အနေအထားမှာ မစ္စတာ ဘန်ကီမွန်းက ဒီကိစ္စကို ဦးစားပေး အနေနဲ့ ထည့်ပြီး ဆွေးနွေးလိမ့်ဦးမယ်လို့တော့ ကျနော် မထင်ဘူး။
“သူ့အနေနဲ့ကတော့ အဓိက ရွေးကောက်ပွဲ ရှိနေတဲ့ ကာလမှာပဲဖြစ်ဖြစ်၊ မတိုင်ခင် ကာလမှာပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲပြီးတဲ့ ကာလမှာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမှာ သူ့ရဲ့ အခန်းကဏ္ဍ ဘယ်လို ဆောင်ရွက်နိုင်မလဲ၊ ဒါကို ဘေးနိုင်ငံတွေက ဘယ်လို အကူအညီ ပေးနိုင်မလဲ ဒါပဲ အဓိက အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”
NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ ထိပ်သီး နှစ်ပတ်လည် ညီလာခံကို အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အနေနဲ့ ကိုယ့်ရဲ့ ဒီမိုကရေစီစနစ်ကို မထိခိုက်ချင်ဘူးဆိုရင် မြန်မာအပေါ် ပြင်းပြင်ထန်ထန် ဖိအားပေးဖို့လိုတယ် ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မကြာခင်ကပဲ ပြောထားတာ ရှိပါတယ်။