သုံးရလွယ်ကူစေသည့် Link များ

ကျပ်သိန်း ၂၀၀ ထိပဲ ငွေသားနဲ့ ပေးချေရမယ့်ကန့်သတ်ချက် လုပ်ငန်းတွေအခက်တွေ့နိုင်


ဘဏ်လုပ်ငန်းတခုတွင် ငွေများ ရေတွက်နေသည့် ဝန်ထမ်းများ (သတင်းဓာတ်ပုံ- ဧပြီ၊ ၀၂၊ ၂၀၁၂)
ဘဏ်လုပ်ငန်းတခုတွင် ငွေများ ရေတွက်နေသည့် ဝန်ထမ်းများ (သတင်းဓာတ်ပုံ- ဧပြီ၊ ၀၂၊ ၂၀၁၂)

{{Zawgyi/Unicode}}

ဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ်ပိုင်ငွေ လိုသလောက်ထုတ်ယူနိုင်ဖို့ အခက်အခဲရှိနေချိန်မှာ ငွေကျပ် သိန်း ၂၀၀ ထက်ပိုတဲ့ အရောင်းအဝယ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှ ငွေပေးချေတဲ့အခါ ဘဏ်စနစ်နဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အသုံးပြုရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်လိုက်ပါတယ်။ ဒီလိုသတ်မှတ်လိုက်တဲ့အပေါ်စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ တုံ့ပြန်ချက်တွေကို စုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ကုန်ပစ္စည်းအရောင်းအဝယ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ငွေပေးချေတဲ့နေရာမှာ တကြိမ်ကို ငွေသား ကျပ်သိန်း ၂၀၀ ထက်မပိုရလို့ ဗဟိုဘဏ်က သတ်မှတ်လိုက်တာပါ။ ကျပ်သိန်း ၂၀၀ ထက်ပိုတဲ့ပမာဏဆိုရင် ဘဏ်စနစ်ကိုသာ အသုံးပြုရမယ်လို့ နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘဏ်စနစ်အသုံးပြုပြီး ဒစ်ဂျစ်တယ် ငွေပေးချေတဲ့ နည်းလမ်းတွေကိုသာ သုံးရမယ်လို့လည်း ကန့်သတ်ထားပါတယ်။ ဒီလို Mobile banlking, Internet banking စတဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ ငွေပေးချေတာဟာ လက်တွေ့မှာ လုပ်ငန်းတွေအတွက် အခက်အခဲရှိတယ်လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ကျနော်တို့က ငွေထုတ်လို့ရရင်တော့ ဘာမှအခက်အခဲ မရှိဘူးဗျ။ ငွေထုတ်လို့ မရရင်တော့ အခက်အခဲအများကြီး ရှိနိုင်ပါတယ်။ ဥပမာ ရွှေဆိုပါတော့၊ ကျနော်တို့ရောင်းတယ်။ ရောင်းပြီးရင် ဒီရွှေက ချက်ချင်းပြန်ဝယ်တာ၊ နောက်နေ့မှဝယ်ရင် ဈေးနှုန်းကချက်ချင်း တက်သွားရော။ အဲတော့ ကျနော်တို့က ငွေထုတ်လို့ ပြုလို့ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အချိန်မရွေးပြောင်းနေတဲ့ ရွှေဈေးနဲ့ ရောင်းလို့ ဝယ်လို့ အဆင်ပြေတယ်ပေါ့။ တကယ်လို့ ထုတ်လို့မရဘူးဆိုရင် ကျနော်တို့က တက်ဈေးနဲ့ကျမယ်၊ ကျဈေးနဲ့ ကျမယ်ဆိုရင် ကျနော်တို့အရောင်းအဝယ်က အဆင်မပြေတော့ဘူးဗျ။"

ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းကဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေတွေကို ထုတ်ယူနိုင်ဖို့ အခုချိန်ထိ ခက်ခဲနေပါတယ်။ ဒီလို ငွေသားအခက်အခဲ ရှိနေချိန်မှာပဲ ဗဟိုဘဏ်က လုပ်ငန်းတွေငွေပေးချေဖို့အတွက် ကန့်သတ်မှုတွေ ထပ်လုပ်နေတာပါ။

လက်ရှိမှာ စစ်အာဏာသိမ်းမှုမဖြစ်ခင် ဖွင့်ထားတဲ့ ဘဏ်စာရင်းအဟောင်းပိုင်ရှင်တွေအတွက် ဘဏ်တွေကနေ ငွေသားထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေပေမဲ့ ဘဏ်စာရင်း တခုကနေတခု အွန်လိုင်းက ငွေလွှဲ ငွေယူလုပ်ရင်တော့ ပမာဏ အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်။ ဒါကြောင့် အရောင်းအဝယ်ပမာဏ ငွေကျပ် သိန်း ၂၀၀ အထက် ပေးချေမှုတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်မယ်ဆို အခက်အခဲမရှိနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘဏ်ထဲရောက်လာတဲ့ ငွေတွေကို ပြန်ထုတ်ယူနိုင်ဖို့ ခက်ခဲတာကြောင့် လုပ်ငန်းရှင်တွေ အခက်တေ့ွနေကြတာပါ။

ကုန်စည်ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးကဆိုရင် သူတို့ရဲ့လုပ်ငန်း လည်ပတ်မှုဟာ ငွေသားရှိမှသာ အဆင်ပြေတာကြောင့် ဘဏ်စနစ်နဲ့ ငွေပေးချေရမယ်ဆို အခက်အခဲတွေ ဖြစ်လာနိုင်မယ်လို့ ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ ဒီ ကားတွေသွားလာမှု လုပ်ငန်းတွေကတော့ ငွေသားရှိမှပဲ ပိုပြီးအဆင်ပြေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းမှာ လမ်းကြေး၊ တံတားကြေးတွေ ပေးရတာတို့၊ ဆီဖိုးတွေပေးရတာတို့ ဘာတို့၊ ဘဏ်ကဒ်နဲ့ ပေးလို့ရရင်တော့ အဆင်ပြေတာပေါ့။ လွယ်လွယ်ကူကူကတော့ ကျနော်တို့ ဒီလုပ်ငန်းတွေကျတော့လည်း ငွေသားရှိမှ အဆင်ပြေတာလေ။ လမ်းမှာလည်း ငွေသားပဲသုံးသွားရတာ ကျနော်တို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကလေ။ ဆိုတော့ ကျနော်တို့ကျတော့ ငွေသားရှိမှ အဆင်ပြေမှာ၊ ငွေသားမရရင်တော့ အဆင်မပြေဘူး။"

အရင်က ဘဏ်စနစ်ကို အားထားခဲ့ပေမယ့် ကိုယ့်ရဲ့ငွေ လိုသလောက်ပြန်ထုတ်ယူနိုင်ဖို့ မလွယ်တော့တဲ့ အခုကာလမှာ ဘဏ်ဝန်ဆောင်မှုအပေါ် ယုံကြည်မှုအားနည်းလာတယ်လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။

"အရင်တုန်းက ဘဏ်တွေဝန်ဆောင်မှု ကောင်းတုန်းကဆိုရင် ကျနော်တို့ရောင်းတာ ဝယ်တာအားလုံးက ချက်လက်မှတ်နဲ့ပဲ အရောင်းအဝယ် လုပ်သွားကြတာပါပဲ။ ဘဏ်တွေကနေပြီးတော့ ကျနော်တို့ကို ငွေပြန်ထုတ်ပေးတဲ့အခါမှာ အပိုင်းပိုင်း အတစ်တစ်တွေ ဖြစ်နေလို့ရှိရင် အဆင်မပြေတာတွေ ရှိပါတယ်။ စနစ်တခုကနေ တခုပြောင်းတဲ့အခါကျတော့ ကြိုက်တဲ့လူလည်း ရှိမယ်၊ မကြိုက်တဲ့လူလည်း ရှိမယ်။ ဘဏ်ကနေပြီးတော့ ဆက်ဆံရေးကောင်းလို့ရှိရင် ဒီစနစ်က အောင်မြင်မှာပါပဲ။ ဘဏ်ကဆက်ဆံရေး ပုံစံတမျိုးဖြစ်နေရင်တော့ ကျနော်တို့ အများပြည်သူကြိုက်တဲ့ စနစ်မဖြစ်ရင်တော့ ဒီဟာက အခက်အခဲရှိပါတယ်ဗျ။"

စစ်အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ကိုယ်ပိုင်ဘဏ်စာရင်းတွေကနေ ငွေထုတ်ယူနိုင်ဖို့ ခက်ခဲတာမို့ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုဟာလည်း လျော့နည်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးတဲ့ တရားမဝင် ဈေးကွက်ကလည်း ကြီးမားနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


----------------

{{Unicode}}














XS
SM
MD
LG