သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ လျှပ်စစ်ရထား စတင်ပြေးဆွဲ


ရန်ကုန်မှာ ပြေးဆွဲမည့် လျှပ်စစ်ရထား
(ဓါတ်ပုံ- MOI၊ ဇန်နဝါရီလ ၅ရက် ၂၀၁၆)
ရန်ကုန်မှာ ပြေးဆွဲမည့် လျှပ်စစ်ရထား (ဓါတ်ပုံ- MOI၊ ဇန်နဝါရီလ ၅ရက် ၂၀၁၆)

ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ရထားကို စတင် ပြေးဆွဲနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ အရင်က ရှိခဲ့တဲ့ ၆ ကီလိုမီတာရှည် ဒီဇယ်မီးရထားလမ်းဟောင်းအတိုင်း လျှပ်စစ်ရထားကို မြန်မာ့မီးရထားပို့ဆောင်ရေးဌာနက တနင်္ဂနွေနေ့မှာ စတင် ပြေးဆွဲတာဖြစ်ကြောင်း ဂျပန်နိုင်ငံထုတ် NHK သတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာလိုပဲ လျှပ်စစ်ရထားတွေကို မြန်မာနိုင်ငံမှာ စတင်အသုံးပြုပြီး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်မယ်လို့ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာ မီးရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောပါတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်းအခြေစိုက် Hiroshima လျှပ်စစ်ရထားကုမ္ပဏီက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလျှပ်စစ်ရထား စတင် ပြေးဆွဲနိုင်အောင် ဂျပန်အစိုးရကလည်း ကျွမ်းကျင်သူ အင်ဂျင်နီယာတွေ မြန်မာနိုင်ငံကို စေလွတ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မနက်က ပထမဆုံးအကြိမ် စတင်ပြေးဆွဲတဲ့ အဲဒီ လျှပ်စစ်ရထားကို လူအတော်များများ စီးခဲ့ကြပါတယ်။ ရထားစီးရတာ သက်တောင့်သက်သာရှိကြောင်း ခရီးသည်တွေက ပြောကြပြီး ရန်ကုန်မြို့မှာ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို သက်သာရာ ရစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ ဒီဇယ်ခေါင်းနဲ့ မီးရထားတွေကိုပဲ အသုံးလာခဲ့တာပါ။ မြန်မာအစိုးရကတော့ လျှပ်စစ်ရထား ပြေးဆွဲမှုတွေကို တိုးချဲ့ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ ဂျပန်နိုင်ငံက မီးရထားစံနစ်ရဲ့ ဂုဏ်လည်း တက်လာပြီး မြန်မာနိုင်ငံကို Shinkansen လို့ခေါ်တဲ့ ကျည်ဆံရထားတွေ တင်ပို့နိုင်လိမ့်မယ်လို့ ဂျပန်အစိုးရ အရာရှိတွေက မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG