သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် ရှမ်းခေါင်းဆောင် ပြည်ဝင်ခွင့်ဗီဇာမရ သတင်း မဟုတ်မှန် သံရုံးငြင်းဆို


ပြည်ပရောက် ရှမ်းခေါင်းဆောင် ဦးဟန်ညောင်ဝေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်။
ပြည်ပရောက် ရှမ်းခေါင်းဆောင် ဦးဟန်ညောင်ဝေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်။

ပြည်ပရောက် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဟန်ညောင်ဝေကို မြန်မာပြည်ဝင်ခွင့် ဗီဇာ ထပ်ပြီး မပေးတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာဟာ မှန်ကန်မှုမရှိကြောင်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စစ်ရွှေသိုက်ရဲ့ သားအငယ်လည်း ဖြစ်တဲ့ ဦးဟန်ညောင်ဝေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် သူရဲ့ သြဇာလွှမ်းမိုးမှု တိုးလာနေတဲ့ အတွက် NLD အစိုးရက သူ့ကို အမည်မည်းစာရင်း ထည့်သွင်းထားတာဖြစ်နိုင်ပြီး ဒါကြောင့် ဗီဇာ ထပ်ပြီး ထုတ်မပေးတာ ဖြစ်နိုင်ကြောင်း သတင်းမီဒီယာ တချို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေးသားခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

ကနေဒါနိုင်ငံသား အဖြစ် ခံယူထားတဲ့ ဦးဟန်ညောင်ေ၀ ခေါ် ဦးဗီတာသိုက်ရဲ့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုကို လုပ်ရိုးလုပ်စဉ် အတိုင်း သံရုံးဘက်က ဆောင်ရွက်နေပြီး ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေတာသာ ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“လောလောဆယ် ကတော့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းလျှက်ရှိပါတယ်။ ဗီဇာညွှန်ကြားချက် နဲ့အညီ ကျမတို့က အဆင့်ဆင့်တင် ပြထားပြီး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့က ဘယ်လိုခေါ်မလည်း ဗီဇာရနိုင်ခြင်း မရနိုင်ခြင်းဆိုတာက ကျမတို့တင်ပြထားတဲ့ ဟိုဒင်းလေ အထက်အရာရှိတွေက သူတို့ ဆုံးဖြတ်ချက်ကတော့ အခုအထိ စောင့်ဆိုင်းနေဆဲပဲ ဖြစ်ပါတယ်။ ကျမတို့ ဘာမှထပ်ပြီးတော့ ပြောကြားလို့မရပါဘူး။ ”

ဦးဟန်ညောင်ဝေကို အရင်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက MJEV လို့ခေါ်တဲ့ အကြိမ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့် ရှိတဲ့ တနှစ် ဗီဇာ သက်တမ်းနဲ့ သုံးကြိမ် ထုတ်ပေးခဲ့ဘူးကြောင်းနဲ့ ဒီတကြိမ်မှာလည်း လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ပေးနေကြောင်း သံရုံးတာဝန်ရှိသူက အခုလိုဆက်ပြောပါတယ်။

“အခု သူတို့ ခါတိုင်းလည်း သူတိုတတွေ အရင်တုန်း ကလည်း သူတို့လာလျှောက်ဖူးတယ်။ ဒီ ဗစ်တာသိုက်တို့ ဘာတို့ကလေ။၂ခါ ၃ ခါ လောက်တော့ ရှိပြီ။ အဲဒီတုန်း ကလည်း အဆင့်ဆင့် တနှစ်ပြီးတိုင်း ပြီးတိုင်း ကောင်စစ် ညွှန်ကြားချက်နဲ့ အညီ လျှောက်ရတဲ့ သဘောထား ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့က ဗီဇာကလေ MJEV က တနှစ်ပေးတဲ့ အတွက်ကြောင့်လေ။ ”

ဧပြီလ (၂၄) ရက်နေ့ ကတည်းက ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတဲ့ ဦးဟန်ညောင်ဝေကို ဇွန်လ (၁) ရက်နေ့မှာ သူ့ကို ဗီဇာထုတ်ပေးဖို့ ခွင့်ပြုချက်မရကြောင်း ကနေဒါရှိ မြန်မာသံရုံးက အကြောင်းကြားလာခဲ့တယ်လို့ သတင်းမီဒီယာ တချို့က ဖေါ်ပြခဲ့ကြတာပါ။ ဗွီအိုအေ မြန်မာပိုင်းအနေနဲ့ ကာယကံရှင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းကိုင် ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

ဒီအတောအတွင်း ၅ ရက်ကြာ ကနေဒါ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရလက်ထက်မှာ နိုင်ငံရေးအရ အမည်မည်းစာရင်းကို ပယ်ဖျက်ခဲ့ပြီး ဖြစ်ကြောင်း အခုလိုပြောသွားပါတယ်။

“ကျမတို့ အစိုးရသစ် ဖွဲ့ကတည်းက နိုင်ငံခြားရေး ရုံးမှာ မူဝါဒချပြီးသားပါ။ နိုင်ငံခြားရေးရုံးက လွှတ်လိုက်တဲ့ ကျမတို့ သံတမန်များ အမ္ဘာတဝှမ်းမှာရှိတဲ့ သံရုံးတွေ သံရုံး ဝန်ထမ်းတွေရဲ့အဓိက အလုပ်တခုက ကျမတို့ရဲ့ပြည်သူပြည်သားတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့၊ နောက်ပြည်ပြီးတော့ ကျမတို့ ပြည်သူပြည်သား ဆိုတဲ့ အထဲမှာ အရင်တုန်းက နိုင်ငံသား ဖြစ်ခဲ့ပြီးတော့ အခု တခြား နိုင်ငံသား ဖြစ်သွားတယ် ဆိုပြီးတော့ ခွဲခြားခြင်း မရှိဘဲနဲ့ ကျမတို့က နေပြီးတော့ ကိုယ့်ရဲ့ မိသားစုသဖွယ် နွေးနွေးထွေးထွေး ကြိုဆိုရမယ်။ လက်ခံရမယ်။ ဆက်သွယ်ရမယ် ဆိုတာ ကျမတို့ မူဝါဒ ချပြီးသားပါ။ အဲဒီချပြီးသား အတိုင်းပဲ ကျမတို့ သံရုံးတွေက လုပ်နေပါတယ်။ ”

ဒါ့အပြင် ပြည်ပမှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားအဖြစ် ခံယူထားသူတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာ သံရုံးတွေနဲ့ မိမိတို့ သိလိုတဲ့ အချက်တွေကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း အခုလို ပြောသွားပါတယ်။

“ အဲဒီတော့ တကယ်ပဲ ကျမတို့နိုင်ငံရဲ့လက်ရှိ အခြေအနေကို သိချင်တယ်ဆိုရင် ဝဘ်ဆိုက်ကို ကြည့်ပါ။ ကျမတို့က ဒီလို အမည်းစာရင်း သွင်းထားတယ်၊ Blacklist လုပ်ထားတယ် ဆိုတာကို နိုင်ငံရေးအရ ကျမတို့ မလုပ်တော့ပါဘူး။ ဗီဇာမပေးတာဟာ သာမန်ဗီဇာတွေ ကိုပေးပါတယ်။ တချို့ခဏခဏ ဝင်လိုက်ထွက်လိုက် Multiple Entry ကျတော့ ဒါက သူ့ရဲ့ အလုပ်အပေါ်မှာ မူတည်ပြီးတော့ ပေးပါတယ်။ နောက် တချို့ကြတော့ Interpol ကနေကို သတ်မှတ်ထားတဲ့ အမည်မည်းစာရင်းမှာ ထည့်ထားတဲ့သူတွေကိုတော့ ကျမတို့ မပေးပါဘူး။ ကျန်တဲ့ အရင်တုန်းကတော့ ဘယ်နိုင်ငံရေး လှုပ်ရှားမှုမှာ ပါခဲ့လို့ ဘယ်နိုင်ငံရေး ပါတီနဲ့ ဆက်သွယ်မှုရှိလို့ ဆိုပြီး မပေးတာတွေလည်း ကျမတို့ မရှိတော့ပါဘူး။ နောက်ပြီး ကျမတို့ နိုင်ငံကို ပြန်ပြီးတော့ သွားပြီးတော့ အလည်သွားချင်တဲ့ လူတွေ အတွက်လည်း အခက်အခဲ မရှိပါဘူး။ ကျမတို့ သံရုံး ဝဘ်ဆိုက်ကိုကြည့်ရင် အများကြီး တွေ့ရပါလိမ့်မယ်။ နောက်ပြီးတော့ အဲဒီအထဲမှာ ကိုယ် လိုချင်တဲ့ အချက်တွေ၊ ကိုယ်သိချင်တဲ့ ကိစ္စတွေ မပါဘူးဆိုရင် သံရုံးနဲ့ ဆက်သွယ်ပါ။ ”

အခုလို ဦးဟန်ညောင်ဝေကို ဗီဇာသက်တမ်း ထပ်ပြီး တိုးမပေးတော့ဘူး ဆိုတဲ့ သတင်း ထွက်လာတဲ့ အပေါ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပေါ် သူ့ရဲ့ သြဇာ တိုးလာခဲ့တဲ့ အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသမှာ ရှိနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို ထောက်ပံ့မှုနဲ့ အကြံဉာဏ်ပေးမှုတွေမှာ သူရဲ့ အခန်းကဏ္ဍဟာ ဆယ်စုနှစ်နဲ့ ချီပြီး အရေးပါခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း သူရဲ့ ပါဝင်ပတ်သက်မှုဟာ အငြင်းပွားဖွယ်ရာ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

မြန်မာ့ဒီမိုကရေစီရေး ပြည်ပမှာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ NCGUB ခေါ် အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဦးဟန်ညောင်ဝေဟာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သလို၊ အရင် နော်ေ၀ အခြေစိုက် DVB အသံလွှင့်ဌာနကို တည်ထောင်သူတွေ ထဲမှာလည်း ပါဝင်ခဲ့ပြီး ဘယ်လ်ဂျီယံ အခြေစိုက် ဥရောပ မြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရ တက်လာပြီးတဲ့နောက် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါခဲ့ပြီး “ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲအတွက် ပြည်ထောင်စု အင်စတီကျူ့” ဆိုတဲ့ အဖွဲ့ကို ပြည်တွင်းမှာ တည်ထောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG