သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင်မှာ ဗုံးပေါက်ကွဲ


မန္တလေးမြို့တွင် ဗုံးပေါက်ကွဲပြီးနောက် ပျက်စီးသွားသည့် ကားအနီး စစ်ဆေးနေစဉ်။ ဇွန် ၂၄၊ ၂၀၁၁။
မန္တလေးမြို့တွင် ဗုံးပေါက်ကွဲပြီးနောက် ပျက်စီးသွားသည့် ကားအနီး စစ်ဆေးနေစဉ်။ ဇွန် ၂၄၊ ၂၀၁၁။

မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ဒုတိယမြို့တော် မန္တလေးနဲ့ ပြင်ဦးလွင်ခေါ် မေမြို့မှာ ဒီနေ့ နေ့ခင်းပိုင်းက မိနစ်ပိုင်းစီခြားပြီး ဗုံးတွေ ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုတွေမှာ အသေအပျောက် မရှိခဲ့ပေမဲ့ မန္တလေးမြို့ ပေါက်ကွဲမှုမှာတော့ အထိအခိုက်တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်က ဗုံးပေါက်ရာ နေရာမှာ လုံခြုံရေးတွေ ချထားပြီး စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီဗုံးပေါက်ကွဲမှု အခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီလအတွင်း ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ ဒီရက်ပိုင်းမှာတော့ မြန်မာနိုင်ငံက မြို့ကြီးအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။
ဒီကနေ့ နေ့ခင်းပိုင်းက အစိုးရ ရုံးစိုက်ရာ နေပြည်တော်က သပြေကုန်းဈေးမှာ ဗုံးတလုံး ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။ ဒါဟာ နေပြည်တော်မှာ ဒီလအတွင်း ဒုတိယအကြိမ် ပေါက်ကွဲတာဖြစ်ပြီး ဖြစ်ပျက်ပုံကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“၁၁ နာရီခွဲလောက်က ကျနော်က အဲဒီကအပြန် မြို့ထဲရောက်တော့ ကွဲတယ်ကြားတာ။ သပြေကုန်းဈေးက မြတ်ဆေးခန်းရဲ့ မျက်စောင်းထိုးက နှစ်ထပ်တိုက်။ ခုနက သွားကြည့်လာတဲ့ အချိန်မှာတော့ သူက လူနေအိမ်ပဲ၊ လူမရှိဘူး။ အသံကျယ်ကျယ်လောင်လောင် ထွက်တယ်။ အမိုးပွင့်သွားတယ်။ အုတ်နံရံတွေပြိုပြီး အတွင်းကို ကျသွားတယ်။”

ဒီပေါက်ကွဲမှုကို အစောပိုင်းက ဂက်စ်အိုးပေါက်တာလို့ ယူဆတာတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဗုံးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ နေပြည်တော် ဒေသခံက ပြောပါတယ်။ ဗုံးပေါက်ပြီးနောက် ပေါက်ကွဲရာ နေရာအနီးကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပြီး ရှင်းလင်း စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံက အခုလို ဆက်ပြောပါတယ်။

“လုံခြုံရေးကတော့ ပြီးခဲ့တဲ့ တနာရီလောက်ကစပြီး အပြီးယူလိုက်တာပဲ။ ဟို တံတိုင်းကာတဲ့ကားတို့၊ ဗုံးရှာတဲ့ ကိရိယာနဲ့ ရဲတို့၊ မိုင်းအဖွဲ့ အကုန် အများကြီးပဲ အဲဒီမှာ။”

ဗုံးကွဲတာနဲ့ ပတ်သက်ပြီး လောလောဆယ်မှာတော့ တရားခံကို ရှာဖွေမတွေ့သေးဘူးလို့ ပြောပါတယ်။ ဒီလ ၁၀ ရက်နေ့ကလည်း နေပြည်တော် မြို့မဈေးက သန့်စင်ခန်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့ကတော့ နေပြည်တော်ဘူတာအလွန် ရန်ကုန်၊ မန္တလေး မီးရထားပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ခရီးသည် ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်း အတွင်းမှာတော့ မန္တလေးမြို့ ဈေးချိုအနီးမှာလည်း ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ မန္တလေး ဒေသခံတယောက်က အခုလို ပြောပါတယ်။

“၁၂ နာရီလောက်က ဖြစ်တာ။ ၈၄ လမ်းပေါ့။ ၂၇ နဲ့ ၂၈ လမ်းကြားလောက် ဖြစ်မယ်ဗျ။ ဈေးချိုတည့်တည့်။ ဥပုသ်နေ့ဆိုတော့ ဈေးကတော့ ပိတ်ထားတယ်။ အဲဒီမှာ ၁၂ နာရီလောက်က ကွဲတယ်။ မန်းမြန်မာပလာဇာရှေ့ပဲ၊ ၈၄ လမ်းကြီးပေါ်မှာ။ ကားပေါ်ကွဲတယ်လို့ ပြောတယ်ဗျ။”

ဗုံးပေါက်ကွဲရာ အနီးက ဈေးချိုဟိုတယ်မှာလည်း မှန်တံခါးတွေ အကုန်ကွဲကုန်တယ်လို့ ဟိုတယ်ဝန်ထမ်း တယောက်က ပြောပါတယ်။

“ဝန်ထမ်းတွေလည်း ဘာမှ မဖြစ်ဘူး၊ လူတွေလည်း ဘာမှ မဖြစ်ဘူး။ မှန်တွေကတော့ အကုန်ကွဲသွားတယ်ရှင့်။ ၂၈ လမ်းဘက်က မှန်တွေ အကုန်ကွဲတာရှင့်။ မန်းပလာဇာဘက်က မှန်တွေလည်း အကုန်ကွဲတာရှင့်။ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံး အကုန်ကွဲတာ။”

The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာမှာတော့ ဈေးချိုဟိုတယ်က ဝန်ထမ်း ၂ ယောက် ထိခိုက်တယ်လို့ ဖော်ပြထားပြီး သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

မန္တလေး ဈေးချိုမှာ ဗုံးပေါက်တဲ့ တချိန်တည်းလောက်မှာပဲ မေမြို့ခေါ် ပြင်ဦးလွင်က ထောက်ပို့ပန်းခြံ အနီးက အိမ်တအိမ်မှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ ပြင်ဦးလွင် ဒေသခံတယောက်က ပြောပါတယ်။

“ထောက်ပို့ပန်းခြံနဲ့ မျက်နှာခြင်းဆိုင်နားက အိမ်တလုံးမှာ ဗုံးကွဲတာ။ မန္တလေးမှာကွဲတဲ့ အချိန်နဲ့ အတူတူပဲလို့ ပြောတယ်။ ၁၂ နာရီ ၁၅၊ ၁၂ နာရီခွဲလောက်မှာ ကွဲတာ။ အဲဒီအိမ်မှာ လူမရှိဘူး၊ သော့ခတ်ထားတယ်တဲ့။ တော်တော် အားပြင်းတဲ့ သဘောပဲ။ နှစ်ထပ် တိုက်ခံအိမ်လေး အမိုးပွင့်သွားပြီး လူတော့ ဘာမှ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”

ဒီပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။

ဒီညနေ ၃ နာရီလောက်မှာ မန္တလေးမြို့ ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားက ရွှေနိုင်ငံ စိန်ရွှေရတနာဆိုင် အနီးမှာ ဗုံးအဖြစ် မသင်္ကာဖွယ်ရာ ပစ္စည်းတခုကို တွေ့ရှိခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရှင်းလင်းခဲ့ရတယ်လို့ The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမှတ် ၁ ရဲစခန်းနဲ့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သလို ရှမ်းပြည်နယ် တန့်ယန်းမြို့မှာလည်း ဒီလ ၂၂ ရက်နဲ့ ၂၃ ရက် ၂ ရက်အတွင်းမှာ ဗုံး ၇ လုံးလောက် ပေါက်ကွဲခဲ့ပါတယ်။

XS
SM
MD
LG