သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဖြူဇရပ်နဲ့ တောင်ငူမှာ ဗုံးပေါက်


Beckham trong một buổi họp báo ở Sydney, ngày 25 tháng 11, 2007. Anh tuyên bố giải nghệ hôm nay, ngày 16 tháng 5, 2013.
Beckham trong một buổi họp báo ở Sydney, ngày 25 tháng 11, 2007. Anh tuyên bố giải nghệ hôm nay, ngày 16 tháng 5, 2013.

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ ပဲခူးတိုင်း တောင်ငူမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး မနေ့ည ၁၂ နာရီလောက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်က စုပေါင်းရုံးခေါ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ၂ ခုမှာ ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာ မသိရပါဘူး။ ဒီရက်ပိုင်းတွေအတွင်း မြန်မာပြည်အနှံ့က မြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ ရက်နေ့က နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင် ပေါက်ကွဲမှုမှာတော့ လက်သည်တရားခံ အမည်တွေကို ဒီနေ့ သတင်းစာမှာ ဖော်ပြပေမဲ့ ဖမ်းဆီးရမိတာတော့ မရှိသေးပါဘူး။ ဒီနေ့ တောင်ငူနဲ့ သံဖြူဇရပ် ဗုံးပေါက်ကွဲတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက မြစ်ကြီးနား၊ တန့်ယန်း၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့တွေမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့ရာက ဒီကနေ့ နေ့ခင်းမှာတော့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ပဲခူးတိုင်း တောင်ငူမြို့မှာ ဗုံးတလုံး ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

တောင်ငူမြို့ ဗုံးပေါက်ကွဲတဲ့ အခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မိုင်ဒါကွင်း အားကစားကွင်းနားလေးမှာပါ။ လမ်းဘေးနားမှာပဲ။ အသံဗုံးပါ၊ ဘာမှမဖြစ်ပါဘူး။ ၂ နာရီ ၁၀ မိနစ်လောက်က။”

ဒီပေါက်ကွဲမှုမှာ အထိအခိုက် အသေအပျောက် မရှိဘူးလို့ သူက ပြောပါတယ်။

အခြားဒေသခံတွေ အပြောအရ ဗုံးပေါက်ကွဲရာ နေရာဟာ မိုင်ဒါကွင်းခေါ် မိုးလုံလေလုံ အားကစားကွင်းနဲ့ ခပေါင်းခန်းမအကြားမှာ ပေါက်ကွဲတာဖြစ်ပြီး ဒီနေ့မနက် ခပေါင်းခန်းမမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခမ်းအနားတခု ကျင်းပပြီးနောက် ပေါက်ကွဲတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ည သန်းခေါင်အချိန်လောက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မှာ အလားတူ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ သံဖြူဇရပ် မြို့ခံတယောက်က ပြောပါတယ်။

“ညသန်းခေါင်လောက်မှာ စုပေါင်းရုံးမှာ ဖြစ်တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ရုံးထဲမှာ မဟုတ်ဘူးတဲ့၊ ခြံစည်းရိုးမှာတဲ့။ ညသန်းခေါင် လူတိတ်တဲ့ အချိန်ကျတော့ အသံနည်းနည်း ကျယ်တယ်ပေါ့။ လူ ဘာမှမဖြစ်ဘူး၊ ခြံစည်းရိုးမှာ။”

သံဖြူဇရပ် ဗုံးပေါက်ကွဲမှုဟာ မွန်ပြည်နယ်က အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့တွေကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်အပ်ဖို့ အာဏာပိုင်တွေက ကြေညာပြီး ရက်ပိုင်းအတွင်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ တောင်ငူနဲ့ သံဖြူဇရပ်က ဗုံးပေါက်ကွဲမှုတွေရဲ့ တရားခံကို ဖမ်းဆီးရမိတယ်ဆိုတာ မကြားသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီလ ၂၄ ရက်နေ့ကလည်း အစိုးရ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေး၊ မန္တလေး ဈေးချိုနဲ့ ပြင်ဦးလွင်မြို့ ထောက်ပို့ပန်းခြံ အနီးက နေအိမ်တွေမှာ မိနစ်ပိုင်းခြားပြီး ဗုံး ၃လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ရှမ်းအမျိုးသား ၃ ယောက်က ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒီ ဖောက်ခွဲသူ ၃ ယောက်ရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက ရရှိထားတယ်လို့ ဖော်ပြပေမဲ့ သတင်းစာမှာတော့ ဓာတ်ပုံတွေကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဓာတ်ပုံအစား ဒီလူ ၃ ယောက်ရဲ့ ပုံပန်းသဏ္ဌာန်တွေကိုသာ ဖော်ပြပြီး သူတို့ကိုတွေ့ရင် သက်ဆိုင်ရာကို သတင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီလ ၁၀ ရက်နေ့ကလည်း နေပြည်တော် မြို့မဈေးက သန့်စင်ခန်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့ကတော့ နေပြည်တော် ဘူတာအလွန် ရန်ကုန်၊ မန္တလေး မီးရထားပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ခရီးသည် ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီလ ၂၁ ရက်နေ့ညက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမှတ် ၁ ရဲစခန်းနဲ့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သလို ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာတော့ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာလည်း ဗုံး ၇ လုံး ပေါက်ကွဲခဲ့ပါတယ်။

မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အရင်ကလည်း ဒီလို ဗုံးပေါက်ကွဲတာတွေ မကြာခဏဆိုသလို ဖြစ်ခဲ့ဖူးပေမဲ့ ဒီလအတွင်းမှာတော့ အစိုးရတပ်တွေက ကချင်၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့နောက်မှာ ဗုံးပေါက်ကွဲမှုတွေဟာ ပိုများလာတာလည်း ဖြစ်ပါတယ်။

ဒီလို ဗုံးတွေ ဆက်တိုက် ပေါက်ကွဲနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် လဆန်းပိုင်းမှာ ရန်ကုန်ပြင်ပကို စည်းရုံးရေး ခရီးစဉ် စတင်မယ်လို့ ကြေညာခဲ့တဲ့အတွက် သူ့ကို ထောက်ခံသူတွေက ခရီးစဉ် လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

XS
SM
MD
LG