သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရေး သင်တန်းပေးမည်မဟုတ်


ဗြိတိသျှ သံအမတ်ကြီး Andrew Patrick (အောက်တိုဘာလ ၁၇၊ ၂၀၁၃၊ ရန်ကုန်။)
ဗြိတိသျှ သံအမတ်ကြီး Andrew Patrick (အောက်တိုဘာလ ၁၇၊ ၂၀၁၃၊ ရန်ကုန်။)
ဗြိတိသျှစစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံမှုရှိတယ်ဆိုပေမယ့် ဒါဟာ စစ်သင်တန်းပေးဖို့အတွက်မဟုတ်ပဲ ဒီမိုကရေစီ စံနစ်ထဲမှာ ဗြိတိသျှစစ်တပ် ဂုဏ်ရှိရှိ တည်ရှိနေတာကို မြန်မာစစ်ခေါင်းဆောင်တွေ စံနမူနာယူနိုင်ဖို့ အတွက်ဖြစ်တယ်လို့ ဗြိတိသျှသံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည် အတွင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးကဏ္ဍ စတာတွေအပြင် တခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဗြိတိန်က ပေါင် သန်း ၆၀ သုံးစွဲဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ သတင်းမီဒီယာ အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောကြား လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်အဖြစ် လွန်ခဲ့တဲ့ တလကျော်လောက်ကမှ စတင် တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်သစ် Andrew Patrick က မြန်မာသတင်းမီဒီယာတွေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိသျှသံရုံးမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံစဉ် သတင်းထောက်တွေ မေးတဲ့ အကြောင်းအရာ အစုံအလင်ကို သံအမတ်ကြီးက စိတ်ရှည် လက်ရှည် ဖြေကြားသွားတာမှာ မြန်မာစစ်တပ်နဲ့ ဗြိတိသျှစစ်တပ်အကြား စစ်ရေးအရ ဆက်ဆံမှုတွေ ပြန်ရှိလာနေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ စစ်ဖက် ဆက်ဆံရေးဟာ အရမ်းကို စောလွန်းတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်လို့ အစချီပြီး ပြောပါတယ်။

"ဥပမာအားဖြင့် မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှုနဲ့ဆိုင်တဲ့ ပိတ်ဆို့ ဒဏ်ခတ်ထားမှုက ရှိနေတုန်းပါ။ ဒါကြောင့် တိုက်ခိုက်ရေးနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ မြန်မာ့တပ်မတော်ကို သင်တန်းပို့ချတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာစစ်တပ်နဲ့ ဆက်ဆံမှုရှိဖို့ဟာ အရေးအကြီးတဲ့အချက်လို့ ကျနော်တို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာပြောရရင် - United Kingdom မှာ အင်မတန် လေးစားမှုခံရပြီး အင်အားကြီးတဲ့ စစ်တပ်ရှိပါတယ်။ ဒါပေမယ့် ဒီစစ်တပ်ဟာ ဒီမိုကရေစီစနစ်ထဲက အစိတ်အပိုင်း တခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်က အဆင့်မြင့် အရာရှိကြီးတွေကို ဖိတ်ခေါ်ပြီး ကျနော်တို့စစ်တပ်က ဘယ်လို ပြုမှု နေထိုင်တယ်၊ အဲဒီလို ပုံစံက မြန်မာပြည် အတွက် အထောက်အကူပြုတယ် မပြုဘူးဆိုတာ ကို ပြသချင်ပါတယ်။ ကျနော်တို့ ဘာကြောင့် ဒီလို ဆက်ဆံတယ်၊ ဒါဟာ ဘာကြောင့် အရေးကြီးတယ်ဆိုတာကို မြန်မာနိုင်ငံက အတိုက်အခံ အများစုကလည်း နားလည်ကြတယ်လို့ ကျနော်ထင်ပါတယ်။ နောက် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါလည်း ကျနော်ဒီကိစ္စကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။"

ဗြိတိသျှအစိုးရအနေနဲ့ ရှေ့နှစ် ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ Military Attache ထားသွားမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ အခုရက်ပိုင်းအတွင်း ဗုံးဖောက်ခွဲမှုတွေ၊ ဗုံးလန့်မှုတွေ ဖြစ်နေတာကြောင့် အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံကိုလာကြမယ့် ဗြိတိသျှနိုင်ငံသားတွေ သတိဝီရိယနဲ့ နေထိုင်သွားလာဖို့အတွက် ဗြိတိသျှအစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

သူတို့အနေနဲ့ ဗုံးသတင်းနဲ့ ပတ်သက်တဲ့အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်လို့ သံအမတ်ကြီး Andrew Patrick က ပြောပါတယ်။

" ဗုံးခွဲတိုက်ခိုက်မှုတွေကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ကိစ္စပါ။ လူတွေ သေခဲ့ကြတယ်၊ အမေရိကန်နိုင်ငံသူ တဦးလည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ကျနော်သိရပါတယ်။ ဒါပေမယ့် ဘာကြောင့် အခုလို ဗုံးခွဲမှုတွေ ဖြစ်တယ် ဆိုတဲ့အပေါ်မှာတော့ ကျနော့်အနေနဲ့ ထင်ကြေး မပေးလိုပါဘူး။ ကျနော်တို့ နိုင်ငံခြားရေးရုံး အနေနဲ့ကတော့ ခရီးသွားသတိပေးချက် ထုတ်ပြန်ထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံကို မလာကြပါနဲ့လို့ တားမြစ်ချက် ထုတ်ပြန်တာမျိုး မဟုတ်ပါဘူး။"

အမေရိကန်အစိုးရကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ ရက်စွဲနဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရဖက်ကတော့ ခရီးသွား သတိပေးချက်ကလွဲလို့ လက်ရှိအချိန်မှာ ကြေငြာချက်ထုတ်ပြန်ပြီး ပြစ်တင် ရှုတ်ချတာမျိုး မလုပ်သေးပါဘူး။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာအပါအဝင် တခြား ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေကို လည်း တောက်လျှောက်ပေး လာနေခဲ့တယ်ဆိုတာကို သံအမတ်ကြီးက အလေးပေး ပြောဆိုပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှာ ဗြိတိသျှအစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက အကူအညီပေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ရှင်းပြပါတယ်။

" ဒီအဖွဲ့အနေနဲ့ နောက်နှစ်မှာ ပေါင် သန်း ၆၀ လောက် အကူအညီ ပေးဖို့ ရှိပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ရှိပါမယ်။ အဲဒီထဲက အများစုကို ကျန်းမာရေးကဏ္ဍမှာ အသုံးချသွားမှာပါ။ ထက်ဝက်လောက်က ကျန်းမာရေး ကဏ္ဍအတွက် ဖြစ်ပါမယ်။ အဓိကအားဖြင့်တော့ HIV ၊ တီဗွီနဲ့ ငှက်ဖျားရောဂါတို့ ဖြစ်ပါတယ်။ နောက် ပညာရေးဖက်မှာလည်း တိုးမြင့် ကူညီပေးသွားမှာပါ။ နောက် LIFT လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေ၊ ဥပမာအားဖြင့် အသေးစား စီးပွားလုပ်ငန်းရှင်တွေကို ငွေချေးပေးတာ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ စတာတွေမှာ ကူညီသွားဖို့ ဖြစ်ပါတယ်။"

ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးအတွက် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်ကစလို့ အကူအညီပေးလာနေတာမှာ အဲဒီနှစ်က ပေါင် ၃၅ သန်းရှိခဲ့ရာက တဖြည်းဖြည်း တိုးမြင့်လာပြီး လာမယ့် ၂၀၁၄ - ၂၀၁၅ ခုနှစ်အတွက် ပေါင်း သန်း ၆၀ အထိ တိုးမြင့် ပေးသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို ကုန်ပစ္စည်း တင်ပို့မှုနှုန်း ၂၀၁၂ ခုနှစ်မှာ ၁၁၃ ရာခိုင်နှုန်း အထိ တိုးမြင့်ခဲ့ပြီး ငွေကြေး ပမာဏအားဖြင့်တော့ ပေါင် ၁၂.၈ သန်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရှေ့လာမယ့်နှစ်တွေမှာလည်း ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံကြမယ့် အလားအလာဟာ အင်မတန် ကောင်းပါတယ်လို့လဲ ဗြိတိသျှ သံအမတ်ကြီးက ပြောဆိုသွားပါတယ်။
XS
SM
MD
LG