သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုရဲမှူးကြီးဟောင်းတယောက် ဘန်ကောက်မှာ အသတ်ခံရ


ဘန်ကောက်မှာ အသတ်ခံရ ဒုရဲမှူးကြီးဟောင်း၊ စစ်တက္ကသိုလ် DSA အပတ်စဉ် ၃၆ ဆင်း ရေတပ်အရာရှိ ဦးကျော်ဇေယျာ
ဘန်ကောက်မှာ အသတ်ခံရ ဒုရဲမှူးကြီးဟောင်း၊ စစ်တက္ကသိုလ် DSA အပတ်စဉ် ၃၆ ဆင်း ရေတပ်အရာရှိ ဦးကျော်ဇေယျာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူခွန်ဗစ် ၄ လမ်းက အထပ်မြင့်တိုက်ခန်းတခုမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အသတ်ခံခဲ့ရသူဟာ စစ်တက္ကသိုလ် DSA အပတ်စဉ် ၃၆ ဆင်း ရေတပ်အရာရှိ ဦးကျော်ဇေယျာဆိုသူဖြစ်ပြီး ဒုရဲမှူးကြီးဟောင်းလို့ နီးစပ်သူတွေဆီက စုံစမ်းသိရပါတယ်။

ဦးကျော်ဇေယျာ သေဆုံးနေတဲ့ အခန်းထဲမှာ ခရီးသွားအိတ် ၂ ခုကို ထိုင်းရဲတွေက ရှာဖွေသိမ်းဆည်းထားပါတယ်။ အိတ်တခုမှာ သူ့ရဲ့ စာရွက်စာတမ်တွေ ထည့်ထားပြီး နောက်အိတ်တခုထဲမှာ ငွေစက္ကူအတုလုပ်တဲ့ ဓာတုမှုန့်တွေ ရဲက သိမ်းဆည်းရမိတယ်လို့ ထိုင်းနိုင်ငံသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီလူသတ်မှုမှာ မသင်္ကာသူ ကင်မရွန်းနိုင်ငံသား ၂ ယောက်ကိုလည်း ဖမ်းဆီးနိုင်ဖို့ ထိုင်းရဲတွေက နိုင်ငံတကာရဲတပ်ဖွဲ့ Interpol နဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း Bangkok Post သတင်းစာမှာ ဖော်ပြပါတယ်။ မသင်္ကာသူ ၂ ယောက်ဟာ ဦးကျော်ဇေယျာဆီက ဒေါ်လာ ၁ သိန်းခွဲကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၅ သန်းယူပြီး စင်္ကာပူနိုင်ငံကို ထွက်ပြေးသွားတယ်လို့ ထိုင်းရဲတွေက ယုံကြည်နေပါတယ်။

ဦးကျော်ဇေယျာဟာ ပြည်ထဲရေးဝန်ကြီးရုံး ပြည်ပဆက်ဆံရေးဌာနနဲ့ အမြဲတမ်းအတွင်းဝန်ရုံး ဒုညွှန်မှုးအဖြစ် ဝန်ကြီးအဆင့်အပါအဝင် ထိပ်ပိုင်းအရာရှိတွေနဲ့ နီးနီးစပ်စပ် အလုပ်လုပ်ခဲ့သူဖြစ်ပြီး အင်္ဂလိပ်လို အပြောကောင်းတာကြောင့် နိုင်ငံခြားခရီးစဉ်တွေမှာ လိုက်ပါခဲ့ရတယ်လို့ သူအကြောင်း ကောင်းကောင်းသိသူတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဦးကျော်ဇေယျာဟာ ၂၀၁၅ ခုနှစ် ဧပြီလထဲ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးပြုံးချိုနဲ့အတူ သိန်းထောင်ချီတန် စက်မှုဝန်ကြီးဌာနမြေရောင်းတဲ့ အဂတိမှုနဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်ကျမှ ဖမ်းဆီးခံခဲ့ရကာ၊ နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဦးကျော်ဇေယျာဟာ ထိုင်းနိုင်ငံကို ပုံမှန်လာသူတယောက်ဖြစ်တယ်လို့ မျက်မြင်တွေက ရဲကိုပြောပြခဲ့ကြကြောင်းနဲ့ သူဟာ ရန်ကုန်နဲ့ ဘန်ကောက်၊ ဘန်ကောက်နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွေဆီကို အကြိမ်ရေ ၅၀ ကျော် ခရီးသွားလာထားတယ်လို့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG