သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရဲ့ အမြင်


အမေရိကန်သံအမတ် Scot Marciel (ယာဘက် ဒုတိယမြောက်) နဲ့ အခြား သံတမန်များ ရန်ကုန်အတွင်းရှိ မဲရုံအား စောင့်ကြည့်လေ့လာစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)

ဒီကနေ့ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာကို တွေ့ရပေမဲ့ မဲရုံတွေကို တာဝန်ခံစီစဉ်ပေးနေတဲ့ မဲရုံမှူးတွေရဲ့ ဆောင်ရွက်ချက်တွေကတော့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အထူးသဖြင့်ကတော့ ရွေးကောက်ပွဲ ဥပဒေကို အမှန်တကယ် သဘောပေါက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍတွေကို သိရှိနားလည်နေမှု အားနည်းနေတာလို့ဆိုပါတယ်။ နယ်တချို့မှာတော့ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ မဲဆန္ဒရှင်တွေ မဲပေးခွင့်အခက်အခဲ ရှိခဲ့သလို ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီ အဖွဲ့တွေကြားမှာလည်း အဆင်မပြေမှုတွေရှိခဲ့တယ်လို့ နိုင်ငံရေးပါတီ တာဝန်ရှိသူတွေကပြောပါတယ်။ အသေးစိတ်ကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၃ ရက် စနေမနက်ပိုင်းကစလို့ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကတော့ ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့စွာနဲ့ကျင်းပနိုင်ခဲ့တာ တွေ့ခဲ့ရတယ်လို့ ၂၀၁၈ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သူတွေကပြောပါတယ်။

ရွေးကောက်ပွဲကျင်းပရာမဲရုံတွေမှာ မဲရုံမှူးတွေရဲ့ ကျား-မ အချိုးကတော့ ညီမျှလာတာ ကြိုဆိုရမယ့် အချက် ဖြစ်ပေမဲ့လို့ မဲရုံမှူးတွေဘက်က နားလည်သိရှိမှုကတော့ အားနည်းနေသေးတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲကို ကိုယ်တိုင် အနီးကပ်စောင့်ကြည့်နေတဲ့ ဖန်တီးအိမ်အဖွဲ့က မခင်လေးငယ်က သူတို့ ဒီကနေ့ စောင့်ကြည့် လေ့လာခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“အခုလက်ရှိတချို့မဲရုံတွေကတော့ မဲပေးတဲ့ဖြစ်စဉ်ပြီးပြီ။ တချို့မဲရုံတွေက ရေတွက်နေပါပြီ ကျမတို့က အခု Call Center မှာရှိပါတယ်။ ကျမတို့ရဲ့ Call Center ကို အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ ကျမတို့ရဲ့ စောင့်ကြည့်လေ့လာ သူတွေဆီက ဖုန်းတွေဝင်လို့ အခုလက်ခံပြောနေပါတယ်ရှင့်။ ဒီထူးခြားဖြစ်စဉ်လည်း တချို့ဟာလေတွေလည်းရှိ ပါတယ်။ ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ စောင့်ကြည့်လေ့လာသူတွေ ရှင်းရှင်းလင်းလင်းမသိလိုက်တဲ့ဟာမျိုးလေးတွေလည်း တချို့နေရာတွေမှာတော့ တွေ့ရပါတယ်ရှင့်။ ကျမတို့ ကနဦး ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပေါ့နော် မဲရုံမှူးတွေက စောင့်ကြည့်လေ့လာသူတွေရဲ့ဟာနဲ့ နိုင်ငံရေးပါတီမှ စောင့်ကြည့်လေ့လာသူတွေနဲ့ ရောထွေးပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေတောင်းပြီး တချို့လူတွေကို ၀င်ခွင့်မပေးတာမျိုးတွေ ဒါပေမဲ့ ဖြေရှင်းလိုက်တဲ့အခါကျတော့ ပြေလည်သွားတာမျိုးတွေရှိပါတယ်ရှင့်။ ဒီမဲ ရုံ မှူးတွေမှာ ပြီးခဲ့တဲ့ ၂၀၁၅ ကဆိုအများစုက အမျိုးသမီးတွေ ဖြစ်ခဲ့တာပေါ့နော်။ ကျား၊ မ တန်းတူညီမျှမှုမရှိခဲ့တာတွေပေါ့နော် အခုတော့ ညီညီမျှမျှ နဲ့ အမျိုးသမီး၊ အမျိုးသားပါဝင်မှုကမျှတလာတဲ့ သဘောမှာတွေရတယ်ရှင့်။ ကနဦးတွေ့ရှိချက်တွေက။”

မဲရုံတွေကို မဲလာပေးတဲ့ မသန်စွမ်းမဲဆန္ဒရှင်တွေအတွက် မဲပေးဖို့ အဆင်ပြေချောမွေ့စေမယ့် အစီအစဉ်တွေ ကတော့ အားနည်းနေဆဲဖြစ်ပြီး ဒီကနေ့ မဲဆန္ဒရှင်ပြည်သူတွေ မဲလာရောက်ပေးခဲ့တဲ့ အခြေအနေကိုလည်း မခင်လေးငယ်က ပြောပြပါတယ်။

“မသန်စွမ်းတဲ့ မဲဆန္ဒရှင်တွေ လာထည့်ဖို့ဆိုရင် Wheel chair နဲ့ လာတဲ့ သူတွေအတွက် ဆိုရင် ခက်ခဲတာမျိုးတွေရှိတယ်။ နယ်တွေမှာလည်းပဲ မသန်စွမ်းသူတွေလာဖို့အတွက် သီးသန့် စီစဉ်တာ မဟုတ်ပေမယ့် နယ်တွေမှာကျ နေရာကျယ်ပြန့်တဲ့အခါကျ wheel chair နဲ့လာတဲ့သူတွေ အလွယ်တကူလာနိုင် တာတွေ့ရတယ်။ ဒါပေမယ့် စောင့်ကြည့်လေ့လာသူတွေရဲ့ တွေ့ရှိချက်အရဆိုရင် ကျမတို့ အစီရင်ခံစာမှာပါတဲ့ အတိုင်းပဲပေါ့နော် ရာခိုင်နှုန်းတော်တော်များများကတော့ သေချာစီမံထားတာမျိုး အများကြီးမရှိပါဘူး။ ကြိုးစားပြီးတော့ မသန်စွမ်းသူတွေလာနိုင်အောင် စီစဉ်ထားတဲ့ မဲရုံတွေ အနည်းငယ်တော့ရှိပါတယ်။”

မေး။ ။ အမအဲဒီတော့ ဒီနေ့ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နယ်မြေတွေမှာ လာပြီးမဲပေးကြတဲ့ ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းပါဝင်မှုအနေအထားကရော ဘယ်လိုများရှိပါသလဲရှင့်။

ဖြေ။ ။ အခုမျက်မြင်အနေနဲ့ကတော့ အရမ်းကြီးအားကြိုးမာန်တက်လာတယ်လို့လည်း ပြောလို့မရသလို့ စိတ်ဝင်စားမှုမရှိလို့ လုံးဝ သတ်မှတ်ရာနှုန်းမပြည့်ဘူးလို့လည်း ပြောလို့ မရတဲ့ အခြေအနေမျိုးမှာလည်းရှိပါတယ်။ အဲဒီတော့ မျက်မြင်အခြေအနေနဲ့ မျှော်မှန်းရတာတော့ ပုံမှန် ကျမတို့ ရွေးကောက်ပွဲရလဒ်က ယုံကြည်နိုင်တယ်ပေါ့နော်။ လာထည့်တဲ့လူရဲ့ အခြေအနေက အရမ်းရာခိုင်နှုန်းနည်းတာ မျိုး မဖြစ်နိုင်ဘူးလို့တော့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် တကယ်လို့ ရေတွက်ပြီးလို့ရှိရင် စာရင်းအတိအကျသိရင်တော့ ကျမတို့ တရားဝင်ထုတ်ပြန်နိုင်မှာပါရှင့်။”

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ PACE နဲ့ ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒ္ဒနယ်တွေမှာ ကျင်းပနေတဲ့ မဲရုံတွေကို စောင့်ကြည့်လေ့လာသူပေါင်း ၅၇၉ ဦးနဲ့ အနီးကပ်စောင့်ကြည့်လေ့လာခဲ့ကြတာပါ။ သူတို့ရဲ့ ပူးပေါင်း ကနဦးထုတ်ပြန်ချက်အရ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံမှူးတွေရဲ့ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲရဲ့ အခြေခံသဘောတရားနဲ့ စောင့်ကြည့်လေ့လာသူတွေအပေါ် သိရှိ နားလည်မှုတွေကို ဒီထက်ပိုပြီး သင်တန်းပေးဖို့ ပညာပေးဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။

နယ်မြို့တွေမှာတော့ မဲဆန္ဒရှင်ပြည်သူတချို့ မဲဆန္ဒပေးဖို့ အခက်အခဲကြုံခဲ့ကြရသလို- နိုင်ငံရေးပါတီတွေ ဘက် က တွေ့ခဲ့ရတဲ့ အခြေအနေနဲ့ မဲရုံမှူးတွေဘက်က ရွေးကောက်ပွဲဥပဒေကို သိရှိနားလည်မှုက အတော် လေးကို အားနည်းနေတာကို တွေ့ကြုံခဲ့ရတယ်လို့လည်း မန္တလေးတိုင်း မြင်းခြံမြို့နယ် မဲရုံအမှတ် (၄) မှာ အနီးကပ် စောင့် ကြည့်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးမျိုးဟန် ကလည်း သူ့အတွေ့အကြုံပြောပြခဲ့ပါတယ်။

“အခက်အခဲကတော့ အားနည်းချက်ကတော့ တော်တော့ကိုများပါတယ်။ များတယ်ဆိုတာက ကျနော်တို့ မိတ်ဆွေတွေ ဒီမဲရုံတွေထဲမှာ မှတ်ပုံတင်မပါလို့မပေးရဘူးဆိုပြီး စာရင်းထဲမှာပါတယ်။ အဲဒါကို ရပ်ကွက်လူကြီးထောက်ခံစာ လည်းမရှိ ပုံစံ (၆၆) နဲ့လည်း အပေးမခံတာတွေက အဲဒီမှာတွေ့ရတယ်။ တွေ့ရတော့ ကျနော်တို့ ၀င်ပြောတော့ အပေးခံပါမယ်ဘာညာပြောတယ်။ ဒါပေမယ့် လူနှစ်ရာလောက်က ပြန်သွားပြီး မဲပေးမရလို့ပြန်သွားတဲ့လူဦးရေက နှစ်ရာလောက်ရှိတယ်လို့ ပြောကြပါတယ်။ အဓိက ကတော့မဲရုံကော်မရှင် ဥက္ကဋ္ဌတွေပါ။ အဲဒီတော့ ရွေးကောက်ပွဲဥပဒေကို အဓိကနားလည်ဖို့လိုတယ်။ ရွေးကောက်ပွဲ ဥပဒေကို နားမလည်ဘဲနဲ့ ကျနော်တို့ ပါတီတွေကို လက်ရှိဆိုင်းဘုတ်တွေလိုက်ပြီး ဖြုတ်ခိုင်းတာမျိုးတွေ ရှိလာတာလည်း ကျနော်တို့ရွေးကောက်ပွဲ နားနီးမှာ တော်တော်လေးစိတ်ကသိကအောက်ဖြစ်ရတဲ့ဟာတွေပါ။ နောက်တချက်က မဲရုံ-လူထုကြားထဲမှာ မဲစာရင်းတွေကောက်တဲ့နေရာတွေမှာလည်း မဲစာရင်းတွေပြည့်စုံအောင် မကောက်နိုင်ဘူး။”

ဒီကနေ့ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်တင်မြှောက်တဲ့ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာကတော့ ပြည်သူ့ လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်တွေ ပါဝင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG