သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒနယ်တချို့ မဲရလဒ်ထုတ်ပြန်


မဲဆန္ဒရှင် မဲထည့်စဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)
မဲဆန္ဒရှင် မဲထည့်စဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)

ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးခဲ့ပါပြီ။ ပြည်နယ်မဲရုံတွေမှာ မဲပေးသူအရေအတွက်ဟာ သိသိ သာသာ လျော့နည်းလာနေသလို ရွေးကောက်ပွဲကော်မရှင်ဘက်က ပူးပေါင်းဆောင်ရွက်မှုက အရင် ကထက် အားနည်းလာတာတွေရှိတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။ ၂၀၁၅ တုန်းက မဲအရေအတွက် အသာနဲ့နိုင်ခဲ့တဲ့ လက်ရှိအာဏာရပါတီဟာ ဒီရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်လာရတဲ့အပြင် အချို့နေရာတွေမှာ မဲအရေအတွက် တော်တော်ကွာဟပြီး ရှုံးတာတွေရှိလာတာကြောင့် လာမယ့် ရွေးကောက်ပွဲ အတွက် ပြန်လည်သုံး သပ်ဖို့လိုအပ်လာပြီလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုနေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၃ ရက် စနေမနက်ပိုင်းကစလို့ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကတော့ ကျင်းပပြီးစီးသွားပါပြီ။ ကော်မရှင်ဘက်ကတော့ အတိအကျ ဘယ်သူနိုင်တယ် ဆိုတာ မထုတ်ပြန်နိုင်သေးပါဘူး။ ဒါ့အပြင် အချို့ပြည်နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးအရ မဲရေတွက်မှုက မနက်ဖြန်မှသာ အပြီးသတ်နိုင်မယ်လို့ သက်ဆိုင်ရာ ပြည်နယ် ကော်မရှင်တွေကဆိုပါတယ်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက မဲရေတွက်မှုအခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေကို ခုလို ပြောပြတာပါ။

“ဝေးတဲ့နေရာတွေကတော့ ကန်ပက်လက်မှာဆိုရင် ၁၂၁ မိုင် အဝေးဆုံး မဲရုံပေါ့နော်၊ မတူပီမှာဆိုလို့ရှိရင် ၅၈ မိုင် အဝေးဆုံးဖြစ်ပြီး သူတို့တွေက ဆိုင်ကယ်နဲ့လာတဲ့ဟာရှိတယ်။ လမ်းမကောင်းတဲ့နေရာတွေမှာဆိုလို့ရှိရင် လမ်းလျှောက်ပြိးတော့လာတဲ့ဟာရှိတယ်။ အဲလိုလေးတွေတော့ အနေအထားရှိတယ်။ ပြောချင်တာတော့ အားလုံးစုံဖို့ဆိုရင် မနက်ဖြန်မှ သိနိုင်မယ်။”

လတ်တလော စောင့်ကြည့်လေ့လာသူအချို့ အဆိုအရ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်မှာဆိုရင် ကြံ့ခိုင်ရေးပါတီက လက်ရှိအာဏာရပါတီက ကိုယ်စားလှယ်လောင်းကို မဲအရေအတွက်တရာကျော်နဲ့ အသာစီး ရနေတယ်လို့ဆိုပါတယ်။

ချင်းပြည်မှာဆိုရင်လည်း ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီက မဲအသာနဲ့ ဦးဆောင်နေပါတယ်။ ရခိုင်ပြည်နယ် ရသေ့ တောင်မှာ တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သား ဖြစ်သူ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်တဲ့ ဦးတင်မောင်ဝင်းက မဲရုံထက်ဝက်ကျော်မှာ မဲအသာစီးရထားတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေဘက်က အသာစီးရနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုထားပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လက်ရှိမဲရေတွက်မှု အခြေအနေ အရ အနိုင်အရှုံးနဲ့ပတ်သက်လို့ အခုလိုပြောပြလာတာပါ။

“တသီးပုဂ္ဂလက နိုင်နေပါတယ်။ သူကတော့ အတော်များများတော့ နိုင်ပါတယ်။ ဒါပေမယ့် အတိအကျတော့ အကုန်လုံး…မဲရုံက ၈၀ ကျော်ရှိတာပေါ့နော်။ ၈၀ ကျော် ရှိတဲ့အထဲမှာ အားလုံးကိုတော့ အသေအချာ မသိရသေးပါဘူး။ ဒါပေမယ့် မြို့တိုင်း မြို့တိုင်းမှာ အပြတ်အသတ်နိုင်တာကို သိရပါတယ်။”

ဒီရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လူထုသဘောထားတွေကို ကြိုတင်ခန့်မှန်း နိုင်မယ့် ရွေးကောက်ပွဲအဖြစ်သုံးသပ်တာတွေ ရှိသလို ပြည်နယ်တွေမှာတော့ ဒေသခံ တိုင်းရင်းသားပါတီတွေက အနိုင်ရမယ်လို့ ခန့်မှန်းပြောဆိုတာတွေ ရွေးကောက်ပွဲမတိုင်ခင်ထဲကရှိနေခဲ့တာပါ။

၂၀၁၅ တုန်းက မဲအရေအတွက်အသာနဲ့နိုင်ခဲ့တဲ့ လက်ရှိအာဏာရပါတီဟာ ဒီရွေးကောက်ပွဲမှာအနိုင်ရဖို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်လာရတဲ့အပြင် အချို့နေရာတွေမှာ မဲအရေအတွက်တော်တော်ကွာပြီး ရှုံးလာတာကြောင့် လာမယ့် ရွေးကောက်ပွဲအတွက် ပြန်လည်သုံး သပ်ဖို့သင့်ပြီလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုနေကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းခင်က လက်ရှိ မဲရေတွက်မှုအခြေအနေနဲ့ ပြိုင်ဆိုင်မှုအခြေအနေနဲ့ ပတ်သက်လို့

“သို့သော် ၂၀၁၅ရွေးကောက်ပွဲမှာ လူထုရဲ့ဆုံးဖြတ်ချက်အရ NLD ကိုပဲ အဓိက ပြောင်းသွားဖို့အတွက် မဲပေးသွားတဲ့ဟာကို ပြန်ပြီးတော့ ယိမ်းယိုင်လာတယ်ပေါ့နော်။ အရင်အခြေအနေမျိုး လူထုထက်ထက်သန်သန်နဲ့ အပြောင်းအလဲဆက်သွားနိုင်အောင် ဖြစ်လာတဲ့အခင်းအကျင်းမျိုးဆက်သွားနိုင်အောင် လာမယ့်ရွေးကောက်ပွဲရောရှိပါ့မလားဆိုတဲ့ မေးခွန်းလေးပေါ့လေ။ ဆိုလိုတာကတော့ ခေါင်းလောင်းကပြီးကတဲ့ ကြားဖြတ်မှာလဲထိုးခဲ့တယ် အခုကြားဖြတ်မှာလည်းခေါင်းလောင်းနှစ်ဆင့်ထိုးခဲ့တယ်။”

လေ့လာသူတွေအဆိုအရ မဲပေးသူအရေအတွက်ဟာ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲထက် လျော့နည်းနေ တယ်လို့ ဆိုပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မ ရှင်ရဲ့ လုပ်ငန်းလုပ်ဆောင်မှုပိုင်းနဲ့ပတ်သတ်လို့ PACE အဖွဲ့ က အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က

“စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ မဲရုံမှူးတွေပေါ်မှာ သင်တန်းပေးတာနဲ့ပတ်သက်လို့ ဒိထက်ပိုပြီးတော့မှ စနစ်တကျ ပိုလုပ်ဖို့လိုမယ်။ မဲရုံတည်နေရာ ရွေးချယ်မှုနဲ့ပတ်သက်လို့လည်း ကျနော်တို့ ကော်မရှင်တွေအနေနဲ့ သေချာ စဉ်းစားဖို့လိုတယ်။ ၂၀၂၀ အတွက်၊ နောက်- အဓိက ကတော့ဗျာ ကျနော်တို့ စောင့်ကြည့်လေ့လာသူတွေရဲ့ ၄ % က မနက်ပိုင်းမှာ မဲရုံပြင်ဆင်တာတွေကို ကြည့်ခွင့်မရဘူး။ … ဆိုတော့ ကြားဖြတ်မှာ ၄ % ဆိုတာ နည်းတယ်လို့ ပြောလို့ရပေမယ့် ၂၀၂၀ အတွက် ၄ % ဆိုတာ အင်မတန် များတယ်။ ကျနော်တို့အတွက်က ကျတော့ စောင့်ကြည့်လေ့လာသူတယောက် ဝင်ခွင့်မရဘူးဆိုတာ မဲရုံရဲ့ ပွင့်လင်းမြင်သာမှု - ရွေးကောက်ပွဲအတွက် ပွင့်လင်းမြင်သာမှုမှာ ကျနော်တို့အတွက်ကတော့ ဒါ များတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်ကတော့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ရှိရင် ကော်မရှင်အနေနဲ့ ဒိထက် ပိုကောင်းအောင် လုပ်ဖို့လိုမယ်လို့ အကြမ်းဖျင်းတော့ ပြောလို့ရတယ်။”

ဒီကနေ့ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်တင်မြှောက်တဲ့ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာအတွက် ကိုယ်စားလှယ်လောင်း ၆၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်ရှင်။

မဲဆန္ဒနယ်တချို့ မဲရလဒ်ထုတ်ပြန်
please wait

No media source currently available

0:00 0:04:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG