သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လာလိုတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်အားလုံး မြန်မာ လက်ခံနိုင်


Bangladesh Myanmar Rohingyas
Bangladesh Myanmar Rohingyas

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြရသူတွေ ဆန္ဒအလျောက် ဌာနေပြန်လာမယ်ဆိုရင် အားလုံးကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က ဆန္ဒရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုရုံးဝန်ကြီး ဦးသောင်းထွန်းက ဒီကနေ့ ပြောဆိုကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

စကာၤပူမှာ ကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံ ရှန်ဂရီလာ ဒိုင်ယာလောခ့်မှာ အခုလို ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်တခုဖြစ်တဲ့ ကာကွယ်ပေးဖို့ တာဝန်ရှိမှု R2P လုပ်ငန်းစဉ်ကို သုံးလာရနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်သလားဆိုပြီး မြန်မာ အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းကို မေးမြန်းခဲ့ကြတာပါ။

လူ ၇ သိန်းကို သူတို့ ဆန္ဒအလျောက် ဌာနေပြန်ပို့မယ်ဆိုရင် ကျနော်တို့ အနေနဲ့ လက်ခံလိုတဲ့ ဆန္ဒ ရှိနေတယ်၊ အဲဒါကို လူမျိုစုလိုက် ရှင်းလင်းမှုလို့ ခေါ်နိုင်သလားဆိုပြီး အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောဆိုခဲ့တာပါ။ စစ်ဖြစ်နေတာမရှိလို့ စစ်ရာဇဝတ်မှု မရှိဘူး။ လူသားထုအပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုတာမှာ ထည့်သွင်း စဉ်းစားဖွယ် ဖြစ်ပေမယ့် ခိုင်မာတဲ့ အထောက်အထားတွေ လိုအပ်ပါတယ်။ ဒီလို အထိအရှ မခံတဲ့ စွပ်စွဲချက်တွေဟာ သက်သေပြရမှာ ဖြစ်ပြီး လွယ်လွယ်နဲ့ တံဆိပ်ကပ်လို့တော့ မရဘူးလို့လည်း တုံ့ပြန်သွားပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းရေးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းမယ့် အစီအစဉ်ကိုလည်း မြန်မာဘက်က ရှင်းပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တာတွေ အပေါ် ပုံဖော်နေကြတာတွေက ပြည့်စုံမှု မရှိဘဲ လမ်းလွဲနေတယ်လို့လည်း အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောဆိုပါတယ်။ ရခိုင်မြောက်ပိုင်းမှာ လူသားချင်း စာနာမှုဆိုင်ရာ ပဋိပက္ခဖြစ်နေတယ် ဆိုတာကို မြန်မာဘက်က ငြင်းဆိုနေတာ မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေ အတိဒုက္ခ ရောက်နေတာကိုလည်း မငြင်းကြောင်း၊ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ၊ ဟိန္ဒူတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသားတွေလည်း အတူ ဒုက္ခခံစားနေရတာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ စစ်တပ်ဟာ နိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိကြောင်း၊ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးမှုမှာ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်ခဲ့ရင် အရေးယူမယ်လို့လည်း အမျိုးသား လုံခြုံရေး အကြံပေးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG