မြန်မာနိုင်ငံကို လေယာဉ်တစင်းနဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ဥပဒေမဲ့ တင်ပို့မှုတွေနဲ့ ကနေဒါနိုင်ငံက ပြည်တွင်း လေကြောင်းလိုင်းတခုနဲ့ အထွေထွေ မန်နေဂျာဟောင်း တဦးတို့ကို အာဏာပိုင်တွေက အရေးယူလိုက်ပါတယ်။
သတ်မှတ်ထားတဲ့ ခွင့်ပြုချက်တွေ မရှိဘဲ ၂၀၀၇ ခုနှစ် နိုဝင်ဘာလထဲမှာ Kenn Borek Air လေကြောင်းလိုင်းက DHC-6 တွင်အော်တာ လေယာဉ်တစင်းနဲ့ လေယာဉ် အစိတ်အပိုင်းပေါင်း ၁၄၉ ခုကို မြန်မာနိုင်ငံထဲ တင်ပို့ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့တယ်လို့ ကနေဒါနိုင်ငံ နယ်ခြား ဝန်ဆောင်မှုလုပ်ငန်း အေဂျင်စီက ပြေဆိုလိုက်တာပါ။
ကနေဒါနိုင်ငံ ဥပဒေအရဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် မရဘဲနဲ့ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို ကုမ္ပဏီတွေ အနေနဲ့ ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချခွင့် မရှိပါဘူး။
ကယ်လ်ဂါရီ (Calgary) မြို့ အခြေစိုက် လေကြောင်းလိုင်းနဲ့ အထွေထွေ မန်နေဂျာဟောင်းဖြစ်သူ စတီဖင် ပန်နီကက်တ် (Stephen Penikett) တို့ကိုတော့ ကနေဒါ အကောက်ခွန် ဥပဒေနဲ့ သွင်းကုန်၊ ထုတ်ကုန် ခွင့်ပြုချက် ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ အာဏာပိုင်တွေက ကြာသပတေးနေ့ကပဲ အရေးယူလိုက်ပါတယ်။
အကောက်ခွန် ဥပဒေအရ ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံးဒဏ်ငွေ အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀ အထိ ပေးဆောင်ရမှာ ဖြစ်သလို ပြည်ပပို့ကုန် ဥပဒေ ချိုးဖောက်မှုကတော့ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။
ဒီအမှုကိုတော့ ကယ်လ်ဂါရီ တရားရုံးမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ စတင်ကြားနာဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။