သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာဈေး မတည်ငြိမ်၊ ကျပ်ငွေ တန်ဖိုးတက်လို့ ကားဈေးကျ


ဒေါ်လာဈေး မတည်ငြိမ်၊ ကျပ်ငွေ တန်ဖိုးတက်လို့ ကားဈေးကျ
ဒေါ်လာဈေး မတည်ငြိမ်၊ ကျပ်ငွေ တန်ဖိုးတက်လို့ ကားဈေးကျ

ရန်ကုန်ကားဈေးကွက်မှာ ကားဈေးတွေ ထက်ဝက်နီးပါး ကျနေပေမဲ့ အရောင်းအဝယ် မရှိဘူးလို့ ကားအရောင်းအဝယ် လုပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ သြဂုတ်လလောက် ကတည်းက ကားဈေးတွေ ထိုးကျခဲ့ပြီး အခု ၂၀၁၁ ထဲမှာလည်း အရောင်းအဝယ် ပြန်မကောင်းလာနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ ဘာကြောင့် အခုလို ကားအရောင်းအဝယ် လုပ်သူတွေက သုံးသပ်ကြတာပါလဲ။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လူကြိုက်များတဲ့ ကားအမျိုးအစားတွေ ထက်ဝက်လောက်မက ဈေးကျနေပေမဲ့ အရောင်းအဝယ်တွေ မရှိသလောက်ကို ဖြစ်နေတာက တဖြည်းဖြည်း ကျပ်တည်း ခက်ခဲလာတဲ့ မြန်မာ့စီးပွားရေး အခြေအနေကြောင့်လို့ အဓိက သုံးသပ်ကြပါတယ်။ မြန်မာပြည်မှာက ကားကို ဇိမ်ခံပစ္စည်း တခုအဖြစ် အသုံးပြုတာများတော့ မရှိလည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။

မနှစ် သြဂုတ်လလောက်ကတည်းက သိသိသာသာ ကျလာတဲ့ ကားဈေးကွက်က အခု ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း အတွင်းမှာလည်း ဈေးကွက် တက်မလာဘူးလို့ သူတို့က သုံးသပ်ပါတယ်။ ဒီလို အချက်တွေထဲက နောက်ထပ် အဓိကကျတဲ့ အကြောင်းရင်း တခုကတော့ မြန်မာကျပ်ငွေ မာနေတာကြောင့်လည်း ဖြစ်တယ်လို့ ကားအရောင်းအဝယ် လုပ်သူတဦးက သုံးသပ်ပါတယ်။

“အေးတယ်လို့ ပြောရမှာပေါ့။ အရောင်းအဝယ် မဖြစ်ကြဘူးပဲ ပြောရမှာပေါ့။ အရောင်းအဝယ် မရှိဘူး။ ၂၀၁၁ ထဲမှာတော့ တက်ဖို့ အလားအလာ မရှိပါဘူး။ မြန်မာကျပ်ငွေ ပြန်မာလာတယ်လို့ ပြောရမှာပေါ့။ ဒေါ်လာဈေးတွေက ကျတယ်၊ ကမ္ဘာ့ရွှေဈေးတွေကလည်း ကျလာတယ်။ မြန်မာကျပ်ငွေက ရှာရဖွေရ တအားကျပ်သွားတယ်ဗျ။ အခုဆိုရင် မြန်မာကျပ်ငွေ လက်ထဲမရှိတော့ ရွှေတွေဘာတွေ ထုတ်ရောင်းတာတို့၊ အိမ်တွေဘာတွေ ထုတ်ရောင်းတာတို့ အဲဒါမျိုးတွေ ဖြစ်လာတယ်။

“အခုဆိုရင် အစိုးရက ကားလေးတွေ သွင်းလာကြတယ်၊ တချို့ဆိုရင် ကုမ္ပဏီကြီးတွေက ပါမစ်လေးတွေ ရထားတယ်။ အဲဒါတွေ သွင်းလာတဲ့ အပေါ်မှာ အခု အဲဒီကားတွေလည်း ဈေးကျလာတယ်ဗျ။”

လူကြိုက်များ လူစီးများတဲ့ စူပါဆလွန်းလို ကားတွေအပြင် အခြား Jeep ကားတွေလည်း ထက်ဝက်မက ဈေးကျတယ်လို့ ဆိုပါတယ်။

“သိန်း ၃၀၀ တန်ကားဆိုရင် ထက်ဝက်တောင်မှ၊ သိန်း ၁၅၀ တောင် ဝယ်မယ့်လူ မရှိဘူး။ အောက်ဆုံးကားဆိုရင် အခု ဂျစ်ကားထဲမှာ ရှမ်းစတားဂျစ်ဆိုရင် အစက သိန်း ၁၅၀ ကားက အခုဆိုရင် ၆၀ လောက်ပဲ ရှိတော့တယ်။ နောက် စူပါဆလွန်းပေါ့၊ ဈေးကွက်ကို ဦးဆောင်တဲ့ ကားလေးတွေ စူပါဆလွန်းဆိုရင် အစက သိန်း ၂၀၀ လောက်ရှိတဲ့ ကားက အခုဆိုရင် သိန်း ၁၂၀ လောက်ပဲ ရှိတော့တယ်။ ဖင်ထောင်ကဆိုရင် အစက ဈေးမာတဲ့ အချိန်မှာဆိုရင် ၂၀၀ လောက်ရှိတဲ့ကားက အခု ၈၀ လောက်ပဲ ရှိတော့တယ်။”

မြန်မာပြည်တွင်းမှာ ထုတ်နေတဲ့ ကားတွေကတော့ ဈေးကွက်မရှိ၊ လူလည်း မကြိုက်တာမို့ ဈေးကွက်ထဲ မပေါက်ပါဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ နောက်ဆုံးပေါ် ကားတချို့ ၂၀၀၇ ထုတ်၊ ၂၀၁၀ နောက်ဆုံးပေါ် ကားလိုမျိုး အရောင်းအဝယ် နည်းနည်းလိုက်ပေမဲ့ ဈေးတွေက မြင့်လွန်းပါတယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ မြန်မာနိုင်ငံထဲက ကားဈေးတွေဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အတော် ဈေးကြီးနေပါတယ်။ အကြောင်းကတော့ နိုင်ငံထဲ တင်သွင်းခွင့် ပေးနေတဲ့ ကားပါမစ်ကြောင့် ဖြစ်ပါတယ်။ အခု ရန်ကုန်တိုင်း အတွင်းမှာဆိုရင် ကားတွေကို ဝယ်ချင်သူထက် ရောင်းချင်သူတွေ များနေတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဒီလို အခြေအနေတွေကြောင့် ကားအရောင်းအဝယ် လုပ်သူတချို့ လုပ်ငန်းတွေ အတွင်းမှာ အဆင်မပြေ ဖြစ်ကြပြီး တချို့ဆို ကားအရောင်းအဝယ် လုပ်ငန်းကနေ တခြားလုပ်ငန်းတွေကို ပြောင်းရွှေ့ လုပ်ကိုင်သွားရတာ ရှိတယ်လို့လည်း ပြောပါတယ်။

“အဲဒါကြောင့် တချို့ဆိုရင် လုပ်ငန်းပြောင်းသွားတာတွေ ရှိတယ်။ တချို့ ကားပွဲစားလုပ်တဲ့ သူတွေဆိုရင် တက္ကစီ တက်မောင်းတာတို့၊ တခြားအလုပ်တွေ ပြောင်းလုပ်ကြတာ ရှိတယ်။ တချို့ကျတော့လည်း ကားဈေး ပြန်ကောင်းလာမလားလို့ မျှော်လင့်ပြီးတော့လည်း စောင့်နေကြတဲ့ သူတွေလည်း ရှိကြတာပဲ။”

ရန်ကုန်တိုင်းက ကားအရောင်းအဝယ် လုပ်သူတဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နယ်စပ်ကနေ တရားမဝင် တင်သွင်းနေတဲ့ ကားတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၀ အတွင်းမှာ လိုင်စင်မဲ့ ယာဉ်တန်ဖိုးတွေ သတ်မှတ်ပြီး သတ်မှတ်ပြီး အခွန်တွေ ဆောင်ခိုင်းတာ၊ လိုင်စင်တွေ ချပေးတာမျိုးလည်း ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း ကားဈေးတွေ ထိုးကျခဲ့တာ ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။

တဆက်တည်း မြန်မာနိုင်ငံက ဒီနေ့ ဒေါ်လာပေါက်ဈေးနဲ့ FEC ပေါက်ဈေးတွေအပြင် ရွှေဈေးတွေလည်း ဒီရက်ပိုင်းအတွင်း တော်တော်လေး ဈေးကျနေတာ ရှိတယ်လို့ ရန်ကုန်က ဒေါ်လာ အရောင်းအဝယ်လုပ်သူ တဦးက ပြောပါတယ်။

“ဒီနေ့ ၈၃၀ ခင်ဗျ၊ FEC ကတော့ ၈၀၀ လောက်နဲ့ ပိတ်သွားတယ်။ Earning တွေကတော့ ၉၀၂ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ကြတယ်ဗျ။ ပိတ်ရက်တွေလည်း ပါတယ်၊ နည်းနည်း ပြန်တက်လာတာ။ အရင် နှစ်မကုန်ခင်ကထက် စာရင်တော့ ဈေးထပ်ကျသွားတာပေါ့။ အတိအကျတော့ မှန်းရခက်တယ်ဗျ၊ ရွှေဈေးဆိုလည်း အခု ၆၂၈,၀၀၀ နဲ့ ပိတ်သွားတယ်၊ ဒီညနေ။ အဝယ်မရှိလို့ ပြန်ပြီး ကျတယ်လို့ပဲ ယူဆရပါတယ်။

“ကျနော်တို့နိုင်ငံ ဈေးကွက်အနေအထားက လူတွေက ကျမယ်ဆိုရင် အတင်းထိုးရောင်းတယ်၊ တက်မယ်ဆိုရင် ကြိုက်ဈေးပေး၊ တက်ဈေးပေးပြီး အတင်းလိုက်ဝယ်နေကြတဲ့ ဈေးကွက်ပုံစံကြီး ဖြစ်နေတာကိုး။ ဖြစ်တော့ လန့်ကွဲ ကွဲကြတယ်လို့ ခေါ်တာပေါ့ဗျာ၊ ကျနော်တို့ စကားနဲ့ဆိုရင်။”

ဒီကနေ့ ရန်ကုန်တိုင်းတွင်းက ကားဈေးနဲ့ ဒေါ်လာဈေးကွက် အခြေအနေတွေ အကြောင်းကို လုပ်ငန်းလုပ်သူတွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG