သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေထုတ်ယူမှုအပေါ် ဗဟိုဘဏ် ကန့်သတ်ချက် မရှိ


မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB

ဘဏ်တွေမှာ ငွေသားထုတ်ယူမှုအပေါ် ဗဟိုဘဏ်အနေနဲ့ ကန့်သတ်ထားတာ မရှိကြောင်း စစ်ကောင်စီက ဒီကနေ့ ပြောကြားခဲ့ပါတယ်။ သက်ဆိုင်ရာဘဏ်ခွဲတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အများပြည်သူ ထုတ်ယူနိုင်တယ်လို့ ပြည်တွင်းသတင်းဌာနတွေရဲ့ မေးခွန်းတွေကို တုံ့ပြန်ဖြေဆိုတဲ့ စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ တနင်္ဂနွေထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပုဂ္ဂလိကဘဏ်တချို့မှာ ဘဏ်ဝန်ထမ်းလစာ နှစ်လစာ ကြိုတင်ထုတ်ပေးပြီး ရက်အကန့်အသတ်မရှိ ဘဏ်ပိတ်တာ၊ ဘဏ်တွေက ငွေထုတ်ယူမှု ကန့်သတ်နေတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာပြီးခဲ့တဲ့ရက်ပိုင်းက ကျယ်ကျယ်လောင်လောင် ထွက်ပြီးနောက် အခုလို စစ်ကောင်စီဘက်က တုံပြန်လိုက်တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗဟိုဘဏ် ဘက်က ဒီလိုသတင်းအမှားတွေ ဖြန့်သူတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ဘက်က ထုတ်ပြန်တာမှာလည်း အပ်နှံတဲ့ အမျိုးအစားပေါ်မူတည်ကာ ငွေထုတ်တာတွေ ကွဲပြားနိုင်ပေမယ့် ဘာကန့်သတ်မှုမှ မရှိဘဲ ထုတ်ပေးနေတယ်လို့ ဆိုထားပါတယ်။ ထုတ်ပြန်ချက်မှာတော့ ဒစ်ဂျစ်တယ်နည်းသုံး မိုဘိုင်း ငွေသွင်းငွေထုတ်တာအပြင် ဘဏ်အကောင့်အသီးသီးရဲ့အွန်လိုင်းငွေချေမှုတွေကိုလည်း ဘာကန့်သတ်မှ မထားလုပ်ဆောင်ခွင့်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဂ္ဂလိက ဘဏ်တွေဘက်ကတော့ ပုဂ္ဂလိကဘဏ်တခုချင်းဆီရဲ့ ငွေကြေးပေါ်လစီအရ ဘဏ်ခွဲတခုဆီမှာ ထုတ်ယူနိုင်တဲ့ ငွေပမာဏသတ်မှတ်ချက်အတိုင်း ငွေကြေးထုတ်ပေးတာတွေလုပ်နေတယ်လို့ ပုဂ္ဂလိက ဘဏ်တွေဘက်က ဗွီအိုအေကို ပြောပါတယ်။ တဦးကို ဘယ်လောက် ထုတ်ရမယ်လို့ ကန့်သတ် သတ်မှတ်ပေးတာမျိုး မလုပ်ပေမယ့် ဒီရက်ပိုင်းမှာ ငွေထုတ်တာတွေ သိသိသာသာများလာတာမို့ လူတိုင်း ငွေထုတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လုပ်ကိုင်ပေးနေရတယ်လို့ ပုဂ္ဂလိက ဘဏ်တွေဘက်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းအပါအဝင် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ပြည်နယ်ဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတာ၊ အလယ်ပိုင်း နယ်မြေသိမ်းတိုက်ပွဲတွေ အရှိန်မြင့်တက်လာနေတဲ့ အခြေအနေတွေကို စိုးရိမ်နေတဲ့ ပြည်သူအများစုကဘဏ်တွေမှာ အပ်နှံထားတဲ့ငွေတွေကို အလုအယက်ထုတ်ယူနေတာ၊ ငွေတွေကို ခိုင်မာတဲ့ ဒေါ်လာဝယ်တာ၊ ရွှေဝယ်တာ တွေလုပ်လာတာမို့ ဒီရက်ပိုင်းမှာ ရွှေနဲ့ ‌‌ဒေါ်လာဈေးတက်လာတာတွေ ရှိတယ်လို့ ရန်ကုန်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ သောကြာနေ့ဈေးတွေအရ အမေရိကန်ဒေါ်လာဈေးဟာ တစ်ဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင် ပေါက်ဈေး ရှိနေသလို ရွှေဈေးဟာလည်း ၃၇သိန်းဝန်းကျင်ထိ ပေါက်နေတယ်လို့ ဈေးကွက်တွင်းကလူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလိုဈေးတွေတက်နေတာမို့ ဈေးကွက်အတွင်းမှာ အရောင်းအဝယ်လုပ်ဖို့ အတော်လေးခက်ခဲနေတဲ့ အခြေအနေတခုဖြစ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG