သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ အတွင်း မြန်မာကလေးစစ်သား လေးရာကျော်လွတ်


မြန်မာစစ်တပ်က စုဆောင်းထားတဲ့ ကလေးစစ်သားတွေလွှတ်ပေးတဲ့အခမ်းအနားမြင်ကွင်း။
မြန်မာစစ်တပ်က စုဆောင်းထားတဲ့ ကလေးစစ်သားတွေလွှတ်ပေးတဲ့အခမ်းအနားမြင်ကွင်း။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကလေးစစ်သားအသုံးပြုမှုတားမြစ်ရေးစာချုပ်မှာ လက်မှတ်ထိုးပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာပဲ
မြန်မာစစ်တပ်အတွင်းက ကလေးစစ်သား ၄၀၀ ကျော်ကိုလွှတ်ပေးခဲ့တယ်လို့ ကုလသမဂ္ဂက အတည်ပြု ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကလေးစစ်သားအသုံးပြုမှုတားဆီးရေး ကုလသမဂ္ဂစာချုပ်မှာ ၂၀၁၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အဲဒီကတည်းကဆိုရင် စုစုပေါင်း ကလေးစစ်သား ၆၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုမှုရှိတဲ့ နိုင်ငံတနိုင်ငံ အဖြစ် နှစ်အတန်ကြာကတည်းက နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုခံခဲ့ရတာပါ။

အမေရိကန်အစိုးရက နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာ တခုမှာလည်း မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုဆဲနိုင်ငံအဖြစ် သတ်မှတ်ထားသလို ဒီအတွက် အရေးယူပိတ်ဆို့မှုတွေကို ဥပဒေအရ ဆက်ထားမယ်လို့ သမ္မတအိုဘားမားက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအရေးယူမှုအရ မြန်မာနိုင်ငံကို စစ်ဖက် ဆိုင်ရာ လက်နက်ပစ္စည်းတွေ ရောင်းချခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂသဘောတူစာချုပ်ကို လက်မှတ် ထိုးပြီးကတည်းကဆိုရင် မြန်မာအစိုးရရော စစ်တပ်အနေနဲ့ပါ ကလေးစစ်သားစုဆောင်းအသုံးပြုမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ
ရှိလာတယ်လို့ ရန်ကုန်ကုလသမဂ္ဂရုံးဌာနေကိုယ်စားလှယ် Renata Lok-Dessallien က ကလေးစစ်သားအတော်များများကို အခုလို ပြန်လွှတ်ပေးတဲ့ အပေါ်ထောက်ပြပြီး ချီးကျူးပြောခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်နေတဲ့ ပြည်တွင်းစစ်အတွင်းမှာ မြန်မာစစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ ကလေးစစ်သား စုဆောင်းအသုံးပြုမှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာအစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက
ထောက်ပြထားကြပါတယ်။

XS
SM
MD
LG