သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်ပဋိပက္ခကြားမှ ကလေးများကယ်တင်ရေး ကုလ တိုက်တွန်း


မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေ မြေဇာပင် ဖြစ်နေရတာတွေကို ဝိုင်းဝန်း ဟန့်တားကြဖို့ ကုလသမဂ္ဂ က တိုက်တွန်းလိုက်ပါတယ်။

ရှေ့တန်းစစ်မျက်နှာအဖြစ် သတ်သတ်မှတ်မှတ် မရှိတာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ ကြီးထွားလာရာက ကလေးသူငယ်တွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အကြောင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကလေးသူငယ်တွေရဲ့အကြောင်း နှစ်စဉ်အစီရင်ခံစာ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲမှာတော့ အရွယ်မရောက်သေးသူတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေမှာ စုဆောင်းတာ၊ အသုံးပြုတာတွေကို ဟန့်တားမယ့် အစီအစဉ်တွေကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့က လက်မှတ်ရေးထိုး နိုင်ခဲ့ကြတာကတော့ တိုးတက်မှု အဖြစ်နဲ့လည်း အစီရင်ခံစာ ထုတ်ပြန်ရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောဆိုသွားပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မေလထဲ လုံခြုံရေးကောင်စီကို နောက်ဆုံး တင်သွင်းထားတဲ့ အစီရင်ခံစာမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ဆက်လက်ရှိနေဆဲ ဖြစ်တာကို တွေ့ရှိရတဲ့အကြောင်း ဖော်ပြထားတာပါ။

အထူးသဖြင့်ကတော့ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေအတွင်း အစိုးရတပ်နဲ့ လက်နက်ကိုင် အုပ်စုတွေကပါ ကလေးတွေကို ပဋိပက္ခတွေအတွင်း အသုံးချတာ၊ တိုက်ပွဲတွေမှာ ထိခိုက်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကို အဓိက ဆန်းစစ်လေ့လာထားတဲ့ နောက်ဆုံး အစီရင်ခံစာမှာတော့ အဆိုးဆုံး အခြေအနေတွေကို အာဖရိကတိုက်မှာ တွေ့ရတဲ့အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG