သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ၅၃ ဦး မြန်မာစစ်တပ် ပြန်လွှတ်


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ လေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ လေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။

ကလေး စစ်သားတွေအဖြစ် စုဆောင်းခံရတဲ့သူတွေထဲက (၅၃)ဦးကို မြန်မာ့တပ်မတော်က နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း UNICEF(မြန်မာ)က တနင်္လာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကလေးအခွင့်ရေးလှုပ်ရှားနေသူတွေကတော့ စစ်တပ်နဲ့ တိုင်းရင်းသားတပ်တွေမှာ ဆန္ဒမပါပဲခိုင်းစေခံနေရတဲ့ကလေးတွေရှိနေဆဲပဲလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်ကော တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပါ ကလေစစ်သားအသုံးပြုမူတွေရှိနေတယ်လို့ ကုလသမဂ္ဂအဖွဲတွေနဲ့ လူအခွင့်ရေးလှုပ်ရှားသူတွေကထောက်ပြပြောဆိုနေတာပါ။ ၂၀၁၂ခုနှစ်လောက်ကစပြီး မြန်မာအစိုးရရဲ့ကုလသမဂ္ဂတို့ပူးပေါင်းလုပ်ဆောင်မှု စီမံချက်ကို လက်မှတ် ရေးထိုးပြီးချိန်ကစလို့ ဒီကနေ့ပြန်လည်လွှတ်ပေးလိုက်တဲ့ကလေး (၅၃)ဦးအပါအဝင် ကလေးပေါင်း (၇၀၀)နီးပါးကို စစ်တပ်က နေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ UNICEF မြန်မာက မထက်ထက်ဦၤးကအခုလိုပြောပြပါတယ်။

ဒီနေ့မှာတော့ မြန်မာအစိုးရကနေပြီးတော့ အရွယ်မတိုင်ခင် စစ်မှုထမ်းနေတဲ့ ကလေးသူငယ်နဲ့လူငယ် ၅၃ဦးအား နုှတ်ထွက်ခွင့် ပြုလိုက်ပါတယ်။ အခုနောက်ဆုံးအကြိမ် နှုတ်ထွက်ခွင့်ပြုခြင်းအပါအဝင် ၂၀၁၅ခုနှစ်အတွင်း အရွယ်မတိုင်ခင် စစ်မှုထမ်းနေသည့် ကလေးသူငယ်ပေါင်း ၁၄၆ဦးအထိ နှုတ်ထွက်ခွင့် ပြုပြီးဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် ဂျွန်လမှာတော့ မြန်မာအစိုးရက ကုလသမဂ္ဂနဲ့အတူ ပူးတွဲ လုပ်ငန်းဆောင်ရွက်မှု Joint action plan ကို စတင်လက်မှတ်ရေးထိုးပြီးတဲ့ အချိန်ကနေပြီးတော့ ယနေ့အထိ ကလေးသူငယ် (၆၉၉) ဦးကို တပ်မတော်ကနေ နှုတ်ထွက်ခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်။

အခုပြန်လွတ်လာတဲ့သူအတော်များများဟာ မိသားစုက လိုက်လံစုံစမ်းတိုင်ကြား တဲ့အတွက် ILO၊ UNICEF၊ Save the Children စတဲ့ အဖွဲအစည်းတွေကနေ ဆောင်ရွက်ပေးမှု တွေကြောင့် ကလေးအတော်များများဟာ စစ်တပ်ကနေ နှုတ်ထွက်ခွင့်ရကြတာဖြစ်တယ်လို့ Equality Myanmar အဖွဲရဲ့အမူဆောင်ဒါရိုက်တာဦးအောင်မျိုးမင်းကဆိုပါတယ်။ စစ်တပ်ထဲမှာ ထွက်ခွင့်မရသေးတဲ့ကလေးတွေရှိနေဆဲပဲလို့လည်းသူကပြောပါတယ်။

စစ်တပ်ထဲမှာ ကလေးစစ်သားတွေ ဆက်ပြီးတော့ ရှိနေသေးတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ အချို့ အနေနဲ့က အသက်ပြည့်သွားတယ်။ စစ်သားအဖြစ်စုဆောင်းခံရတုန်းက အသက်မပြည့်ဘူး။ နောက်ပိုင်းမှ အသက်ပြည့်သွားတယ်။ အဲဒီလို အသက်ပြည့်သွားတဲ့ သူတွေကို တိုင်ကြားလို့ရှိရင် တကယ်တန်း ပြန်ထုတ်ဖို့ခက်ခဲတယ်ဆိုတဲ့ အချက်အလက်တွေ ရှိနေတယ်။ အဲဒီတော့ အဲလိုမျိုး လူတွေက စစ်တပ်ထဲမှာ ကျန်နေနိုင်တယ်လို့ကျွန်တော် သုံးသပ်တယ်။ နောက်တစ်ခုက အချို့သော် ကလေးတွေကတော့ ကလေးစစ်သားအဖြစ် စုဆောင်းခံရပါတယ်ဆိုတာကို ထုတ်ဖော်ပြောဖို့ ခက်ခဲနေတယ်။ အချို့နေရာတွေမှာ မိဘတွေက တိုင်ကြားပေမယ့် ဒီကလေးတွေကို စစ်တပ်အပြင် ပြန်ထုတ်ဖို့ အခက်အခဲတွေ ရှိနေသေးတယ်ဆိုတာကို တွေ့ရတဲ့အတွက် ကလေးစစ်သားတွေ ကုန်သွားတယ်ဆိုတာတော့ မရှိသေးဘူး။ အချို့နေရာတွေမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ ကလေးစစ်သားတွေကို ဒီတပ်ပြေးမှုနဲ့ အဖမ်းအဆီးခံရတယ်ဆိုတဲ့ အရာတွေ ရှိနေတုန်းပဲ။

မြန်မာစစ်တပ်အပါအဝင်တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေထဲမှာလည်း ကလေးစစ်သားအသုံးပြုမူတွေရှိကြောင်းကို ကုလသမဂ္ဂကထုတ်ပြန်ထားတာပါ။ လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တပ်တွေမှာ ကလေးစစ် သားအသုံးပြုမူတွေ ရှိနေကြောင်းကို လည်းဦးအောင်မျိုးမင်းကဆက်ပြောသွားပါတယ်။

မကြာခင်က ကလေးစစ်သား နိုင်ငံတကာ အဖွဲ့ဖြစ်တဲ့ Child Soldier International က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဆိုရင် KIA တပ်ထဲမှာ ကလေးစစ်သားတွေ ရှိနေတုန်းပဲ။ အဲဒါတွေထဲမှာ အတင်းအကြပ်ခေါ်ဆောင်လာတဲ့ သတင်းတွေလဲ ကျွန်တော်တို့ရရှိတယ်။ အချို့ကတော့ အလိုအလျှောက် ဝင်တဲ့ သဘောမျိုးဖြစ်တယ်။ ကလေးစစ်သားရဲ့ အဓိပ္ပါယ်က ဘယ်လိုပဲ ဝင်ဝင် မိမိ ဆန္ဒ ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ ကလေးစစ်သားမြောက်တဲ့အတွက် KIA တပ်ထဲမှာ ကလေးစစ်သားရှိတယ်ဆိုတာကို သူတို့ ထောက်ပြထားတာ တွေရှိတယ်။ နောက်ထပ်တစ်ခုကတော့ ဒီနယ်ခြားစောင့်တပ် ပေါ့နော်။ ဒီ border guard တွေမှာလည်း ကလေးစစ်သားတွေရှိတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်။

မြန်မာစစ်တပ်အပါအဝင် ကလေးစစ်သားအသုံးပြုနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲတွေထဲမှာ ဒီကေဘီအေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော်၊ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ကေအိုင်အေ ၊ ကရင်နီတပ်ဖွဲ့၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေကို ကုလသမဂ္ဂက ဖော်ပြထားပါတယ်။ အသက် (၁၈)နှစ်အောက် ကလေးငယ်တွေကို ခေါ်ယူစုဆောင်း ခြင်းနဲ့ အသုံးချခြင်းတွေကို ကာကွယ် ရပ်တန့်စေဖို့လုပ်ငန်းစီမံချက်များအား လက်မှတ် ရေးထိုးဖွယ် ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့ နဲ့လည်း ကုလသမဂ္ဂက တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်တယ်လို့လည်း UNICEF မြန်မာရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။

XS
SM
MD
LG