သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာ ၂၇ ဦး ပြစ်မှုကျူးလွန်လို့ ပြန်ပို့ခံရ


အမေရိကန်ပြည်ထောင်စုမှာ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် တခြားပြစ်မှုတချို့ကြောင့် ထောင် ကျခဲ့ဖူးတဲ့ နေထိုင်ခွင့်ရဖို့ ကြိုးစားနေသူ မြန်မာနိုင်ငံသား ၂၇ ယောက် ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့ခံရပါတယ်။ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေးမှာ မြန်မာနိုင်ငံ အစိုးရ ဘက်က ပူပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ပြည်ထောင်စု ဘက်က ဗီဇာကန့်သတ်ချက်တွေ ချမှတ်ပြီး ၁ လကျော်အကြာမှာပဲ အခုလို မြန်မာနိုင်ငံသားတွေ ပြန်ရောက်လာတာပါ။ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့ကပဲ အမေရိကန်ပြည်ထောင်စုက ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၂၇ ယောက် ရန်ကုန်ကို ပြန်ရောက်လာပြီး ဒါဟာ ပထဆုံးအကြိမ် မြန်မာနိုင်ငံသား အရေအတွက် အများဆုံး ပြန်ပို့ခံရတာလို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီ ၂၀ ကျော်ထဲမှာ ချင်းတိုင်းရင်းသား ၇ ယောက် ပါဝင်တဲ့အကြောင်း ဟားခါး လူမှူရေးအသင်းက ဘာသာရေးဆရာ Thomas Thang Kep က VOA ကို ပြောပါတယ်။

“ကျနော်သွားကြိုတယ်၊ ဟုတ်တယ်။ ချင်းလူတွေထဲမှာတော့ သူတို့ မိသားစုကပဲ လာကြိုကြတယ်။ ဆိုတော့ လေဆိပ်မှာ တွေ့တာနဲ့ တခါတည်း မိသားစုဆီမှာ ပို့လိုက်တယ်လို့ ကျနော်ထင်တယ်။ သူတို့ ပြောတာကတော့ ချင်းတိုင်းရင်းသားက ၇ ယောက်ဖြစ်တယ်။ တခြား တိုင်းရင်းသားလို့ ပြောမလား၊ ဗမာ၊ မြန်မာလို့ပဲ ပြောတယ်။ အယောက် ၂၀ ကတော့ ဗမာ၊ မြန်မာတွေ ဖြစ်တယ်လို့ ပြောတယ်။ သူတို့ မိသားစု အသိုင်းအဝိုင်းကပဲ ကြိုကြတယ်။”

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဟောင်း ဆလိုင်းအိုင်းဇက်ခင် ကလည်း လက်ရှိ သမ္မတ Donald Trump အစိုးရရဲ့ တရးမဝင်ဝင်ရောက်သူတွေအပေါ် ထားတဲ့ မူဝါဒအရ အခုလို ချင်းတိုင်းရင်းသားတွေ ပြန်ပို့ခံကြရတာဖြစ်တဲ့အကြောင်း VOA ကို ပြောပါတယ်။

“သူတို့ အိမ်တွင်းအကြမ်းဖက်မှုတွေ ကျုးလွန်တယ်။ Domestic Violence ပေါ့။ ဒါကြောင့် သူတို့ ပြန်ပို့ခံရတယ်လို့ ပြောတာပါ။ တကယ့် တကယ်တော့ အမေရိကားကို သူတို့ရောက်တယ်။ အမေ ရိကားနိုင်ငံရဲ့ Law အရ သူတို့ စစ်ဆေးပြီးတော့ အရေးယူခံရတယ်။ အရေးယူ ခံရပြီးတော့ လက်ရှိ Trump ရဲ့ ပေါ်လစီအရ အဲဒီလူတွေ ပြန်ပို့တယ်။ သိတာကတော့ ဒါက အမေရိကန်နိုင်ငံသား ဖြစ်သွားတာ မဟုတ်သေးဘူး။ သူတို့က အမေရိကန် နိုင်ငံမှာ Refugee အနေနဲ့ ရောက်နေတုန်း၊ အဲဒီ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ Refugee တွေအနေနဲ့ အိမ်တွင်း အကြမ်းဖက်မှုတို့၊ အခြား ပြစ်မှုကျုးလွန်တာတွေ ရှိတော့ အတိုင်ခံရတယ်။ အဖမ်းခံရမယ်။ အဲဒီအခါမှာ လက်ရှိ Trump ရဲ့ ပေါ်လစီအရ၊ မြန်မာနိုင်ငံသားမှ မဟုတ်ဘူး ထောင်ကျတယ်ဆိုရင် ပြန်ပို့တာတွေ ရှိပါတယ်။”

အခု ပြန်ရောက်လာသူတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တရားဝင်ကြေညာချက် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

အမေရိကန်နိုင်ငံသားမဟုတ်တဲ့ နေထိုင်ခွင့်ရဖို့ကြိုးစားနေတဲ့အချိန် ပြစ်မှုကျုးလွန်တဲ့ သူတွေကို ပြန်ပို့ရာမှာ မြန်မာနိုင်ငံဘက်က ပူးပေါင်း ဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့ အချက်နဲ့ အရေးယူ ပိတ်ဆို့မှုတွေလည်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုဘက်က ချမှတ်ခဲ့ ပါတယ်။မြန်မာ အစိုးရရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီး ဌာနတို့က ညွှန်ကြားရေးမှူးချုပ်ကနေ ဝန်ကြီး အဆင့်ထိ အရာရှိကြီးတွေ၊ နောက် သူတို့ မိသားစု ဝင်တွေကို ပြည်ဝင်ခွင့် ပိတ်ပင် ဒဏ်ခတ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ဇူလိုင်လ အစောပိုင်းက ကြေညာခဲ့ပါတယ်။

ဝါရှင်တန်မြို့တော်မှာ ရှိတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ အမေရိကန် ပြည်ထောင်စုဘက်က ၃၁ ယောက် စာရင်းပေးထားပြီး အယောက် ၃၀ ကို ပြန်လည်လက်ခံဖို့နဲ့ ခရီးသွားလက်မှတ်တွေ ထုတ်ပေးထားတဲ့အကြောင်း VOA ကို ဇူလိုင်လ အတွင်းက ရှင်းပြခဲ့တာပါ။

တချိန်တုန်းက မြန်မာနိုင်ငံသားတွေဖြစ်ပြီးတော့ ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွား သည် ဖြစ်စေ သူတို့ကို မြန်မာပြည်မှာမွေးတာ မြန်မာပြည်မှာ နေလာတဲ့လူဖြစ်မယ်ဆိုရင် လက်ခံပါမယ် ဆိုတာပြောပြီး မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG