သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံရေကာတာ တည်ဆောက်မှု ဒေသခံတွေ ထိခိုက်


မြစ်ဆုံရေကာတာ တည်ဆောက်မှု ဒေသခံတွေ ထိခိုက်
မြစ်ဆုံရေကာတာ တည်ဆောက်မှု ဒေသခံတွေ ထိခိုက်

ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးမှာ အရေးပါတဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးဖို့ထက် ဧရာဝတီမြစ်ကို အမှီပြုနေတဲ့ ဆန်စပါး စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အပြင် ဒေသခံတွေရဲ့ လူမှုရေးကိစ္စ အ၀၀ကို ထိခိုက်စေမယ့်ကိန်း ပိုပြီး များနေတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူတွေက ပြောကြပါတယ်။ မြန်မာအစိုးရရဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကြောင့် နိုင်ငံအတွက် ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာ လုပ်ကြံ ပြောဆိုချက်တွေပဲ ဖြစ်တယ်၊ ဒီစီမံကိန်းဟာ နိုင်ငံအတွက် စိုးရိမ်စရာ မရှိတဲ့ စီမံကိန်း ဖြစ်တယ်လို့ အခုရက်ပိုင်းတွေအတွင်း အစိုးရ သတင်းစာတွေမှာ တုံ့ပြန် ရေးသားထားတာကို တွေ့ရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာနိုင်ငံ လက်မှုကဏ္ဍကနေ စက်မှုကဏ္ဍကို အသွင်ကူးပြောင်းရေးအတွက် အဓိက လိုအပ်ချက် ဖြစ်တာမို့ ဧရာဝတီမြစ်ဆုံ၊ မေခ မေလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၈ ခုနဲ့ ပြည်သူလူထုအကျိုး လုပ်ဆောင်နေတာ ဖြစ်သလို ဒီစီမံကိန်းတွေဟာ မြစ်ကြောင်းဆိုင်ရာ ထိခိုက်မှုတွေထက် ကောင်းကျိုးတွေကို ပိုပြီး ရစေတယ်လို့ အင်္ဂါနေ့ထုတ် အစိုးရအာဘော် သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီစီမံကိန်းတွေ ချမှတ်ရာမှာ ပြည်သူလူထု ပါဝင်ဆုံးဖြတ်တာမျိုး မတွေ့ရဘဲ မြစ်ကြောင်းတလျှောက်က ဒေသခံတွေအတွက် နစ်နာမှုတွေ အများကြီး တွေ့နေရတယ်လို့ Burma River Network မြန်မာနိုင်ငံ မြစ်ကြောင်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၁ ဖွဲ့ ပါဝင်တဲ့ ကွန်ရက်အဖွဲ့က မအားနန်က ပြောပါတယ်။

“ဒီစီမံကိန်းတွေမှာ ပြည်သူလူထုတွေရဲ့ ပါဝင် ဆုံးဖြတ်ချက်တွေ မရှိဘူး။ မြစ်ဆုံနေရာ ကချင်ပြည်နယ်မှာ ဆိုးကျိုးတွေ ဖြစ်နေသလို အခုအချိန် မြစ်ဆုံမှာ ရေထုညစ်ညမ်းမှု ဖြစ်နေတယ်။ ဒီ မြစ်ဆုံရေကာတာ ဆောက်မယ်ဆိုတော့ ရွှေ့ပြောင်းရတဲ့ နေရာတွေကို ပြန်လည် နေရာချထားပေးတဲ့ အောင်မြေသာ စံပြကျေးရွာလို့ ပြောတယ်။ တကယ်တမ်း ကျမတို့ တွေ့နေရတာကတော့ ဒုက္ခသည်စခန်းနဲ့ အတူတူပဲ။ သူတို့ရဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ သူတို့ သေသေချာချာ ရေရေရာရာ မသိဘူး။ နောက်တချက်အနေနဲ့ တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုမှု အပေါ်မှာပဲ မူတည်ပြီးတော့ ဒီရေကို အဖွင့်အပိတ်လုပ်မှာ ဖြစ်တဲ့အတွက် ဒါက မြစ်အောက်ဘက်မှာလည်း စိုးရိမ်စရာ အများကြီးရှိတယ်။”

အခုလို လူမှုရေး၊ စီးပွားရေးသာ မကဘဲ သဘာ၀ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတာမို့ ဒီ ရေအားလျှပ်စစ် စီမံကိန်းတွေအတွက် EIA ခေါ် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်မယ့် တိုင်းတာတွက်ချက်ပြီး ဥပဒေစည်းကမ်း စနစ်တကျ ချမှတ်ဖို့ လိုအပ်တယ်လို့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောပါတယ်။

“Dam တခုဆောက်ရင် Dam အထက်မှာ ရေလွှမ်းမိုးမယ်။ ရေလွှမ်းမိုးရင် ရွာတွေ၊ မြို့တွေ ရေမြုပ်မယ်။ တောတွေလည်း ကုန်မယ်။ အကယ်၍ လူတွေလည်း ရွှေ့ပြောင်းရမယ်။ Dam ရဲ့ အောက်ကျတော့ ရေက မြန်မြန်ဆန်ဆန်ရတာ ရှိမယ်။ အခန့်မသင့်လို့ Dam ကြီး ပြိုကျသွားရင် အောက်ကလူတွေလည်း ရေဘေးဒုက္ခရောက်မယ်။ ရေ Quality ကိုလည်း အများကြီးကို ထိခိုက်သွားမယ်။

“ငါးတွေဘာတွေလည်း ဥလို့ရှိရင် အညာတက်ဥတာ။ Dam ကြီးဆောက်တော့ ငါးတွေဘာတွေ မျိုးတုံးကုန်မယ်။ အကုန်လုံး ပင်လယ်ထဲထိအောင် မြစ်ညာရော၊ မြစ်ကျေရော အကုန်ဒုက္ခရောက်ပြီ။ EIA လုပ်တဲ့ သဘောတရားက အဲဒါတွေပဲ။ သဘာ၀၀န်းကျင်နဲ့ ပတ်သက်ပြီးတော့ Dam တွေ ဆောက်လို့ရှိရင် သူ့ရဲ့ Standard တွေ၊ သတ်မှတ်ချက်တွေ အများကြီးရှိတယ်။ သူများနိုင်ငံတွေမှာ ဒါတွေက ဥပဒေ ထုတ်ပြီးသား။”

ဧရာဝတီမြစ်ကြောင်း ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်ပြီး မလုပ်သင့်ဘူးလို့ EIA လေ့လာမှုတွေကနေ ပြောထားကြောင်း သိရတယ်လို့ မအားနန်က ပြောပါတယ်။

“အရင်ကလုပ်ထားတဲ့ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ EIA Report ကျမတို့တွေ့တယ်။ အဲဒီ EIA Report မှာ တရုတ်ပညာရှင်တွေနဲ့ မြန်မာက လေ့လာသုံးသပ်မှု လုပ်ထားတဲ့ နေရာမှာ ပညာရှင်တွေကိုယ်တိုင် ဒီ မြစ်ဆုံ ရေကာတာကို မဆောက်ဖို့ တိုက်တွန်းထားတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဆိုးကျိုးတွေကို ဂရုစိုက်မယ်ဆိုရင် ဧရာဝတီ ရေကာတာကြီးကို မဆောက်ဖို့ ဆိုပြီး သူတို့က အတိအလင်း ပြောထားတဲ့ဟာ တွေ့ရတယ်။ ဒါပေမဲ့ အဲဒါကိုလည်း သူတို့ ဘယ်တော့မှ ထုတ်ဖော် ပြောတာ မရှိဘူး။ ဒီလို ဖြန့်ဝေတာတွေ မရှိဘူး။”

လျှပ်စစ်ကဏ္ဍနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာမှာ ထိခိုက်မှုဆိုင်ရာ ဘက်ပေါင်းစုံ လေ့လာဖို့ လိုအပ်ပြီး အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုမျိုး ဖြစ်အောင် ကြိုးစားဖို့ လိုတာပါ။

“ကျောက်မီးသွေးသုံးတာ အဆိုးဆုံးပဲ။ ကျောက်မီးသွေးထက် ဒီဇယ်၊ ဓာတ်ဆီက သက်သာတယ်။ ဒီဇယ်၊ ဓာတ်ဆီထက် ဂက်စ်က သက်သာတယ်။ ဂက်စ်ထက် ရေအားလျှပ်စစ်က သက်သာတယ်။ ဒါမှန်တယ်။ သို့သော်လည်း အဲဒါလုပ်တဲ့အတွက် လူတွေရော၊ သဘာ၀၀န်းကျင်ရော ပျက်စီးတာတွေလည်း ထည့်စဉ်းစားရမယ်။ အဲဒါတွေ မစဉ်းစားဘဲလုပ်တာ အဓိပ္ပာယ်မရှိတဲ့ တိုးတက်မှု ခေါ်တယ်။”

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံသားတွေထက် အိမ်နီးချင်း တရုတ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိစေမှာမို့ မြန်မာ့နောင်ရေးအတွက် ရပ်ဆိုင်းပစ်ဖို့ လိုအပ်ပါတယ်။

“မြစ်ဆုံက ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကို ယူနန်က လျှပ်စစ်လိုင်းကနေ တဆင့် တရုတ်ပြည်ကို တင်ပို့မယ်လို့ CPI ကုမ္ပဏီက သတင်းတခုမှာ ရေးထားတယ်။ တကယ်တမ်း ရေကာတာဆောက်မယ့် အချိန်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေ ဒီဒေသခံ ပြည်သူလူထုတွေဆီ ရောက်တယ်။ ဒါပေမဲ့ ဒေသခံ လူထုတွေက လျှပ်စစ်ဓာတ်အားလည်း မရဘူး။ ဒီကနေ အကျိုးအမြတ် ဘာမှလည်း မရဘူး။ အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့ဟာတွေလည်း အများကြီးဖြစ်တယ်။ ဒေသခံ ပြည်သူလူထုတွေ ပါဝင်ဆုံးဖြတ်မှု မရှိတဲ့၊ ပြီးတော့ မြန်မာနိုင်ငံ တခုလုံး အနာဂတ်တွေမှာ ဆိုးကျိုးဖြစ်စေမယ့် ဒီလို ကြီးမားတဲ့ ရေကာတာကြီးကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေကို တောင်းဆိုချင်တယ်။”

မြစ်ဆုံ ရေအားစီမံကိန်းကို ဆက်ပြီး မလုပ်ဖို့အတွက် မြန်မာအစိုးရကိုသာမက တရုတ်အစိုးရကိုပါ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းမျိုးစုံက တောင်းဆိုမှုတွေ အပြင်းအထန် လုပ်ဆောင်နေတာပါ။

XS
SM
MD
LG