တရုတ်နဲ့ အရှေ့တောင်အာရှ ဆက်ဆံရေးအပေါ် အမေရိကန်ပညာရှင်တွေရဲ့ရှုထောင့် ကြားနားပွဲကို အမေရိကန်အထက် လွှတ်တော်မှာ မနေ့ ဇွန်လ (၈) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ တရုတ်ဘက်ကို ပိုပြီးပါမသွား ရအောင်အမေရိကန်က ဘယ်လို ဆက်ဆံသင့်သလဲဆိုတာကိုလည်း ဆွေးနွေး သွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
အထက်လွှတ်တော်ရဲ့ အမေရိကန်-တရုတ် စီးပွားရေးနဲ့ လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင်က ဦးစီးကျင်းပတဲ့ ဒီကြားနာပွဲမှာ အဓိကကတော့ အရှေ့တောင်အာရှဒေသတွင်း တရုတ်ရဲ့ သြဇာစက်ကွင်းကျရောက်မယ့် အန္တရာယ်အလားအလာရှိတဲ့အခြေအနေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုဆက်ဆံသင့်သလဲဆိုတာကို အမေရိကန်ပညာရှင်တွေရဲ့ အမြင်သုံးသပ်ချက်တွေ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် တရုတ်အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အဓိကထားဆွေးနွေးတာ တွေ့ရပါတယ်။ ကြားနာပွဲမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ Johns Hopkins တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ Karl Jackson ကတော့ အရှေ့တောင်အာရှမှာ အမေရိကန်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုထက် လူထုနဲ့ ထိတွေ့ဆက်ဆံပြီး လေ့ကျင့်ပညာပေးရေးအပိုင်းကို ဦးစားပေးသင့်ကြောင့်း အခုလို တင်ပြသွားပါတယ်။
"အခြေခံအဆောက်အဦးတွေတည်ဆောက်ရေးအပိုင်းမှာ ကျနော်တို့က တကယ်ယှဉ်ပြိုင်လို့ မရနိုင်ပေမဲ့ လူတွေရဲ့ စွမ်းရည်မြှင့်တင်မှုအပိုင်းကို အမေရိကန်က လုပ်နိုင်မယ်လို့ ကျနော်မြင်ပါတယ်။ ဂျပန်တွေမှာ ပိုက်ဆံရှိမယ်၊ ဆောက်လုပ်ရေးကုမဏီတွေရှိမယ်ဆိုရင် သူတို့လုပ်နိုင်မှာပါ။ တကယ်လို့ ကျနော်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘတ်ဂျက်အဖြစ်ရှိမယ်ဆိုရင် ဒေါ်လာ ၈၀ ကို အခြေခံအဆောက်အဦးတည်ဆောက်ဖို့ သုံးမှာမဟုတ်ပါဘူး။ အဲဒီအစား ဖွံဖြိုးဆဲနိုင်ငံတွေက လူတွေကို အမေရိကန်ကိုခေါ်ပြီး ပညာသင်ပေးကြားပေးဖို့ အသုံးပြုမှာဖြစ်ပါတယ်။"
ဒါအပြင် အမေရိကန်တွေအနေနဲ့ အခုလို ကြားနာပွဲတွေ၊ ပညာရေး ဆွေးနွေးပွဲတွေအတွက် ဘတ်ဂျက်ငွေ အသုံးပြုသင့်ကြောင်း ပါမောက္ခ Jackson က အကြံပြုတင်ပြသွားပါတယ်။
ဒီနေရာမှာ ကြားနာပွဲကို ကျင်းပတဲ့ အထက်လွှတ်တော်ရဲ့ အမေရိကန်-တရုတ် စီးပွားရေးနဲ့ လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် Robin Cleveland ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာဟာ လူ့အခွင့်အရေးကို သဘောမပေါက်လို့ မဟုတ်ပဲ သူတို့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ အခုလိုပြောပါတယ်။
"ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ကျမတို့ တွေ့ဆုံဆွေးနွေးခဲ့ဘူးပါတယ်။ ကျမထင်တာက ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူ့ကို သင်တန်းပေးတာ မရှိလို့ ဒါမှမဟုတ် သူ့အနေနဲ့ လူ့အခွင့်အရေးကို နားမလည်လို့ ဆိုတာမျိုး ဟုတ်မယ်မထင်ပါဘူး။အဲတော့ ကိုယ့်ကျိုးစီးပွားနဲ့ နိုင်ငံရေးအရ စေ့ဆော်မှုတွေကို သူရဲ့ မူတွေအဖြစ်နဲ့ အခြေခံထားပြီး စဉ်းစားတယ်လို့ ကျမမြင်ပါတယ်။ ဒါကြောင့် ဒီလို လူပုဂ္ဂိုလ်မျိုး တဦးချင်းစီကို အမေရိကန်ကိုခေါ်ပြီးပြောင်းလဲလာအောင် လုပ်ပြနိုင်လိမ့်မယ်လို့ ကျမ မမြင်မိပါဘူး။"
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအခန်းကဏ္ဍနဲ့ ပတ်သက်လို့ အာဏာရှင်ဆန်တယ်၊ တဖက်မှာလည်း သူဟာ စေ့စပ်ဆောင်ရွက်နိုင်သူ၊ အနာဂတ်ကို ကြိုပြီး မြင်နိုင်သူလို့ အမျိုးမျိုးသုံးသပ်နေကြတယ်လို့ Robin Cleveland ဆိုပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ဝေဖန်မှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နဲ့ ပိုပြီးနီးစပ်လာတယ်ဆိုတဲ့ သုံးသပ်ချက်နဲ့ ပတ်သက်ပြီး ပညာရှင်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun ကတော့အခုလို တုန့်ပြန်ခဲ့ပါတယ်။
"လက်တွေ့ အုပ်ချုပ်ရေးပိုင်းအတွေ့အကြုံအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အကန့်အသတ်တွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း သူကို အပြစ်တင်လို့မရပါဘူး။ အတိုက်အခံအဖြစ် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ချခံခဲ့ရတာပါ။ ဒါကြောင့် သူ့အတွက် ဒါတွေကို လေ့လာဖို့ နဲ့ အသုံးပြုဖို့ အခွင့်အလမ်းမရခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ။ သူနဲ့ ဘယ်လို ဆက်ဆံရေးလုပ်မလဲ။ သူ့ရဲ့ ဦးဆောင်မှုတွေ အောင်မြင်မှုမရှိဘူးလို့ ဝေဖန်ပြီး အထီးကျန်အောင်လုပ်မလား၊ ဒါမှမဟုတ် သူလိုအပ်တဲ့အချိန်မှာ ဝိုင်းဝန်း ကူညီပံပိုးပေးမလား။ ဒီနေရာမှာ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးတို့က ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးပြီး သူ လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း ပေးပြီး ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်ကို ကောင်းမွန်ပါတယ်။တကယ်လို့ သူ့ကို အလွန်အကျွံဝေဖန်မယ်ဆိုရင်တော့ တရုတ်လက်ထဲရောက်သွားဖို့ တွန်းအားပေးသလိုဖြစ်မှာပါ။"
ပါမောက္ခ ဒေါက်တာ Karl Jackson ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန် အာကီနိုနဲ့ အခုလို နှိုင်းယှဉ်ပြောသွားပါတယ်။
"ကိုရာဇန် အာကီနို နဲ့ ပတ်သက်တဲ့ ကျနော့်အတွေ့ကြုံအရဆိုရင် သူ့ဟာ ဝါရှင်တန်ဒီစီအပါအဝင် ဖိလစ်ပိုင်မှာရှိတဲ့ အသိုင်းအဝိုင်းပေါင်းစုံရဲ့ ဝေဖန်မှုကိုခံခဲ့ရတာပါ။ ဒါပေမဲ့ သူထားရစ်ခဲ့တဲ့ အမွေအနှစ်ကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီကို လက်ဆင့်ကမ်းပေးနိုင်ခဲ့ပါတယ်။ သူသေဆုံးချိန်ထိ ဖိလစ်ပိုင်နိုင်ငံမှာ ဒီမိုကရေစနစ်ကို ထိန်းသိမ်းနိုင်အောင်ကြိုးစားခဲ့တဲ့ သူရဲ့အရည်အချင်းဟာ တကယ့်ကို လေးစားဖို့ကောင်းပါတယ်။"
ဒါကြောင့် ဒီမိုကရေစီတဝက်ကိုပဲ မကြာသေးခင်ကရလာတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီစနစ်ကို သူလက်ထက်တလျောက်လုံး သယ်ဆောင်နိုင်မယ်လို့ မြင်မိကြောင်းနဲ့ သူရဲ့ သမိုင်းဝင်မယ့် ဆောင်ရွက်ချက်တွေကို အမေရိကန်အနေနဲ့ ပံပိုးကူညီသင့်တယ်" လို့ ပါမောက္ခ Jackson ကပြောသွားပါတယ်။
မနေ့က ကြားနားပွဲမှာ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ် တို့နဲ့ တရုတ်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ အမေရိကန်ကိုပဲ ဦးစားပေးရေးမူဝါဒကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေဟာ တရုတ်နဲ့ ပိုပြီးနီးစပ်လာနေကြောင်း ဝေဖန်သုံးသပ်မှုတွေရှိနေချိန်မှာ အခုလို အမေရိကန်အထက်လွှတ်တော်မှာ တရုတ်နဲ့ ဆက်ဆံရေးကြားနာပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။