သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့တရုတ် ကိုယ်စားလှယ်တွေ ကိုးကန့်အရေး ဆွေးနွေး


မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေရဲ့ အစည်းအဝေးပွဲကို မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ပြုလုပ်ခဲ့တာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သော်တို့က ပူးတွဲ ဦးဆောင်ပြီး တရုတ်နိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လျိုကျန်းမင်က ဦးဆောင်ခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

စည်းဝေးပွဲအတွင်း နှစ်နိုင်ငံချစ်ကြည်ရေးကိုအခြေခံပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးမှု တည်ဆောက်ရေးတို့ အပေါ် နှစ်ဘက် ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ ကိုးကန့်ဒေသက တိုက်ပွဲရှောင်ပြည်သူတွေ နေရပ်ကို ဘေးကင်းလုံံခြုံစွာ အမြန်ဆုံး ပြန်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ်ကိုယ်စားလှယ်ဟာ စည်းဝေးပွဲအပြီး မူဆယ်မြို့ကနေ တရုတ်နိုင်ငံဘက်ကို နေ့တွင်းချင်း ပြန်လည် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း အထူး ကိုယ်စားလှယ်အဖွဲ့ အသင်းနာယက ဦးတင်ဦးနဲ့ အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်တို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလည်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ မတ်လ (၃) ရက်ကနေ (၈) ရက်နေ့ အထိ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့အကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဘေကျင်းမြို့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန်းမင်၊ အာရှရေးရာ အထူးသံတမန် မစ္စတာ ဝမ်ရင်းဖန်နဲ့ တရုတ်- မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ မစ္စတာ ကမ်းကျိယွမ်တို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG