သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရစ်ယာန်ဘာသာရေးခေါင်းဆောင်များရဲ့ ခရစ္စမတ်ဆုမွန်


ခရစ္စမတ် အခါသမယမှာ မြန်မာပြည်သူတွေအားလုံး ပျော်ရွှင်နိုင်ကြပြီး ချစ်ခြင်းမေတ္တာနဲ့ ငြိမ်း ချမ်းခြင်းတွေ ပြည့်ဝကြဖို့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေက ဆုတောင်းမေတ္တာ ပေးပို့လိုက်ပါ တယ်။ မြန်မာပြည်တွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေနဲ့ စစ်ဘေးရှောင် ဒုက္ခ သည်တွေ အမြန်ဆုံး ဆင်းရဲဒုက္ခတွေက လွတ်ကင်းကြဖို့လည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဆုတောင်းစကား အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ်တော်မွေးနေ့မှာ မြန်မာပြည်သူတွေ အားလုံး ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတွေ ပြည့်ဝကြဖို့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေက ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။

မြန်မာပြည်သူ ပြည်သားအားလုံး ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်စေဖို့နဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းကို ခံစား နိုင်ကြဖို့ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာအေးမင်းက အခုလို ဆုတောင်းပေးပါတယ်။

"၂၀၁၇ နှစ်ရဲ့ မင်္ဂလာရှိတဲ့ ခရစ္စမတ် အခါသမယမှာ လူသားအားလုံးကို ချစ်ခြင်းမေတ္တာ ငြိမ်းချမ်းခြင်းတွေ ခံစားနိုင်ဖို့ရန်အတွက် ကြွလာသော ယေရှုခရစ်တော်မြတ်ရဲ့ နာမတော်မြတ်နဲ့ အားလုံးကို မေရီခရစ္စမတ်လို့ နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာပို့ပါတယ်။ ဒီအချိန်အခါ သမယကတော့ ဘုရားသခင်က လူသားတိုင်းကို ချစ်လွန်းလို့ လူတွေခံစားနေရတဲ့ ဒုက္ခဆင်းရဲ ခပ်သိမ်းကနေ သူကိုယ်တိုင် လူတွေနဲ့ ထပ်တူထပ်မျှ ကိုယ်ချင်းစာပြီး လူတွေ ရင်ဆိုင်နေရတဲ့ သေခြင်းတရား ၊သေခြင်းရဲ့ တမလွန်မှာ ကြောက်ရွံ့စရာအားလုံးကို လွှတ်မြောက်ရာလမ်းဖြစ်တဲ့ ယေရှုခရစ်တော်ကယ်တင်ခြင်းကျေးဇူးဟာ လူသားအားလုံးအတွက် ပြင်ဆင်ပေးတဲ့ ခရစ္စမတ် လက်ဆောင်ဖြစ်ပါတယ်။ အဲဒီလက်ဆောင်ကို လူတွေ အားလုံး ရင်ခွင်မှာ ခံစားပြီး နှစ်သစ်မှာလည်း ခရစ်တော်ပေးတဲ့ ကယ်တင်ခြင်း ၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေနဲ့ စိတ်သစ်လူသစ်နဲ့ ကြိုဆိုနိုင်ဖို့ရန်အတွက် ခရစ်တော်ယူဆောင်လာတဲ့ ကောင်းကြီးမင်္ဂလာတွေ လူသားတိုင်းခံစားဖို့ ဆုတောင်းပါတယ်။"

ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်နေကြသူတွေလည်း အမြန်ဆုံး ဆင်းရဲဒုက္ခကနေ လွတ်မြောက် ကြဖို့၊ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အာဏာပိုင်တွေအနေနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ် ဆောင်နိုင်ကြဖို့လည်း အထူး မေတ္တာပို့ ဆုတောင်းပေးပါတယ်လို့ သိက္ခာတော်ရ ဒေါက်တာအေးမင်းက အခုလိုပြောပါတယ်။

"ကျနော်တို့ ပဋိပက္ခတွေ ကြုံတွေ့နေရတဲ့ လူသားတွေကို ကျနော်တို့ ဒီနှစ်မှာ အထူးပဲ မေတ္တာပို့ ဆုတောင်းလျှက်ရှိပါတယ်။ ဒီလို ဒုက္ခရောက်တဲ့အချိန်မှာ ဘုရားသခင်က အထူးပဲ ကယ်မတဲ့ ဘုရားဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမြန်ဆုံး ဒီဒုက္ခဆင်းရဲတွေကနေ လွှတ်ကင်းပြီးတော့မှ ငြိမ်းချမ်းရေးလည်း အမြန်ဆုံးရရှိဖို့ရန်အတွက် ကျနော်တို့ ဆုတောင်းရုံသာမက သက်ဆိုင်တဲ့လူကြီးတွေ ကိုလည်း ကျနော်တို့ မေတ္တာရပ်ခံပြီးတော့မှ ဆုတောင်းစာတွေ ကျနော်တို့ အမြန်ဆုံး ကယ်မဖို့ ၊ ထူမဖို့ ပြန်လည်တည်ထောင်ဖို့ဆိုတဲ့ အစီအစဉ်လေးတွေကို လုပ်ဆောင်ဖို့ရန်အတွက်လည်း မေတ္တာပို့ပြီးတော့မှ အားပေးစကားပြောလျက်ရှိပါတယ်။ ဒါကြောင့် ၂၀၁၈ နှစ်သစ်မှာတော့ မျှော်လင့်ချက်အသစ်နဲ့ အမြန်ဆုံး ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်ပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုကလည်း နိုင်ငံပိုင်သတင်း စာတွေက တဆင့် မြန်မာပြည်သူတွေအတွက် ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်း ပြည့်ဝတဲ့ ခရစ္စမတ် ဖြစ် စေဖို့ ဆုတောင်း စကားပေးပို့ထားပါတယ်။ မျှော်လင့်ခြင်းတွေနဲ့ ပြည့်နေတဲ့ ခရစ္စမတ် အချိန်အခါမှာ မြန်မာနိုင်ငံကို မျှော်လင့်ချက်တွေ ပြည့်နေတဲ့နိုင်ငံအဖြစ် မြင်ယောင်ကြည့်ကြဖို့လည်း ကာဒီနယ်ချားလ် က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က ဖာသာ မာရီယားနို စိုးနိုင်ကလည်း ပျော်ရွှင်တဲ့ ခရစ္စမတ် အခါသမယ ဖြစ်စေဖို့ အခုလို ဆုတောင်းစကားပြောပါတယ်။

"ခရစ္စမတ်မှာကတော့ ကျနော်တို့အမြဲတမ်းပြောတာကတော့ သတင်းစကား ကတော့ ပျော်ရွင်၊ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းပေါ့နော် ဒီ Love-Peace-Joy ကို ကျနော်တို့ အမြဲတမ်းဦးတည်သွားတယ်ဆိုတော့ ဒီခရစ္စမတ်ရဲ့ သတင်းအနေနဲ့ပေါ့နော် လူသားအားလုံး ပျော်ရွင်နိုင်ကြဖို့၊ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းတွေကို ခံစားရရှိနိုင်ဖို့အတွက် ကျနေ်ာဆန္ဒပြုပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ယုံကြည်တဲ့အတိုင်းပဲ ဘုရားက လူ့အဖြစ်ကို ခံယူတယ်၊ လူတွေနဲ့အတူလာပြီးတော့ မျှဝေခံစားတယ်။ အဲလိုမျိုးပဲ ဘုရားဟာ သူ့ရဲ့ ဘုရားအဖြစ်နဲ့ သူအေးအေးချမ်းချမ်း သူ့ဟာသူ အေးဆေးနေနိုင်ပါလျှက်နဲ့ လူသားတွေကို မေတ္တာထားလွန်းလို့ လူသားတွေနဲ့ လာနေတယ်။ လူသားတွေကို လမ်းကောင်းပြဖို့အတွက် လူ့အဖြစ်ကို ခံယူတဲ့အတွက်ကြောင့် ကျနော်တို့လူသားတွေကလည်း ဘုရားသခင်ရဲ့ မေတ္တာကို ခံယူပြီးတော့ ချစ်ခြင်းမေတ္တာတရားထားခြင်းအားဖြင့် ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုတဲ့အသီးကို ခံစားရရှိနိုင်ပါစေလို့ ကျနော်ဆန္ဒပြုပါတယ်။ အထူးသဖြင့် ဒီမြန်မာနိုင်ငံအတွင်းမှာ ဒုက္ခရောက်နေကြသူတွေ၊ စစ်ဘေးကြောင့်မို့လို့ အမျိုးမျိုး ဒုက္ခရောက်နေကြသူတွေ ၊ ကလေးသူငယ်တွေ ၊ မိဘမဲ့ဖြစ်ရသူတွေ ဆင်းရဲနွမ်းပါးသူတွေအားလုံးကို ဘုရားသခင်ကောင်းကြီးမင်္ဂလာနဲ့ အမြန်ဆုံး ငြိမ်းချမ်းမှုနဲ့ ပျှော်ရွင်မှုရရှိကြပါစေ လို့ ကျနော်လည်း ဆန္ဒပြုပေးပါတယ်။"

စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ ကမ္ဘာကြီး ငြိမ်းချမ်းပါစေကြောင်း ပုပ်ရဟန်း မင်းကြီး Francis ကလည်း ခရစ္စမတ်နေ့ ဆုတောင်း မိန့်ကြားထားပြီး မြန်မာ့ ငြိမ်းချမ်းရေး အောင်မြင်ပါ စေကြောင်းကိုလည်း ထည့်သွင်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

XS
SM
MD
LG