သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူမှုအဖွဲ့အစည်းတွေ အခက်အခဲကြုံဆဲ


မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုအဖွဲ့ ခေါင်းဆောင် မခင်လေး။
မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုအဖွဲ့ ခေါင်းဆောင် မခင်လေး။
မြန်မာနိုင်ငံမှာ လူမှုအဖွဲ့အစည်းတွေက အခက်အခဲတွေ အပြီးတိုင် လွတ်မြောက်မှု မရှိသေးပေမဲ့ အပြောင်းအလဲတွေကို အားပေး အကောင်အထည်ဖော်လာနိုင်တာ တွေ့မြင်နေရတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ မနေ့က မွန်းလွဲပိုင်းမှာ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ Civil Society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းများဆိုင်ရာ ကုလအစည်းအဝေးမှာ အမေရိကန်သမ္မတက မြန်မာ့လူ့အဖွဲ့အစည်း အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ကို မိတ်ဆက်ပေးရင်းနဲ့ အခုလို ပြောသွားတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဒီပွဲအကြောင်း တိုက်ရိုက်ထုတ်လွှင့်ချက်ကို ရုပ်မြင်သံကြားကနေ စောင့်ကြည့်နေတဲ့ ဦးကျော်ဇံသာ ကနေ တင်ပြထားပါတယ်။

လူမှုအဖွဲ့အစည်းကို ထောက်ခံအားပေးကြဆိုတဲ့ ဒီအစည်းအဝေးဟာ တကယ်တော့ ကုလသမဂ္ဂ က စီစဉ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ အမေရိကန်သမ္မတ အိုဘားမား က ကမကထလုပ်ပြီးတော့ အခမ်းအနားမှူးလို ဆောင်ရွက်ပေးသွားပါတယ်။ ပထမဦးစွာ သူက အဖွင့်မိန့်ခွန်း ပြောကြားသွားပါတယ်။ အဲ့ဒီထဲမှာတော့ လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို ထောက်ပြပါတယ်။ အစိုးရတွေဟာ လူထုအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

ချုပ်ခြယ်တဲ့နိုင်ငံတွေ ကမ္ဘာမှာ ရှိနေသေးတယ်လို့လည်း သူက ထောက်ပြသွားပါတယ်။ အဓိကအားဖြင့် နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံအကြီးအကဲတွေ အရာရှိကြီးတွေ လူအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ ဒီဆွေးနွေးပွဲမှာ သမ္မတအိုဘားမားအနေနဲ့ အဓိက ချမှတ်လုပ်ဆောင်ရမယ့် ကိစ္စတွေ ဘာတွေလဲဆိုတာကို တိတိကျကျ ပြောကြားသွားပါတယ်။

အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံ Triangle အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့ကို စတင်တည်ထောင်သူ မခင်လေး ပြောမယ့်အလှည့်မှာ မခင်လေးကို ပရိသတ်နဲ့ အိုဘားမားက အခုလို မိတ်ဆက်ပေးသွားပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ အတော်လေး တွေ့မြင်နေရပါတယ်။ အပြည့်အစုံ အောင်မြင်တယ်လို့ မပြောနိုင်သေးပေမဲ့ လူမှု လူ့အဖွဲ့အစည်းတွေအနေနဲ့ အင်မတန် ခက်ခဲတဲ့ အနေအထားမှာတောင် အပြောင်းအလဲတွေကို ဖြစ်မြောက်အောင် ဆောင်ကျဉ်းနိုင်တယ် ဆိုတာ မြန်မာပြည်ရဲ့ အခြေအနေတွေက သက်သေခံနေပါတယ်။ မြန်မာပြည်က မခင်လေးက ဆက်ပြီးပြောပြပေးပါခင်ဗျား။”

မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုအဖွဲ့ ခေါင်းဆောင် မခင်လေး ဆက်ပြောသွားရာမှာတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပေမဲ့ ခက်ခဲဦးမယ်။ ကြာရှည်ဦးမယ်။ ဒါတွေကို သူ ထောက်ပြပါတယ်။ လူ့အဖွဲ့အစည်းရေးရာ တက်ကြွလှုပ်ရှားသူတွေဟာ စော်ကားမှု ခံနေရဆဲ၊ ထောင်ချခံနေရဆဲ၊ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

သို့ပေမဲ့လည်း အခု လောလောဆယ်မှာ မြန်မာနိုင်ငံအတွက် အားတက်စရာ တခုကတော့ ကန့်သတ်ချုပ်ခြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အသင်းအပင်းဖွဲ့စည်းရေး ဥပဒေကြမ်းကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း မခင်လေးက အခုလို ထောက်ပြသွားပါတယ်။

“ဇူလိုင်လတုန်းက အစိုးရက အသင်းအပင်း ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းတရပ်ကို တင်ပြခဲ့ပါတယ်။ ပထမတင်ပြခဲ့တဲ့ ဥပဒေကြမ်းမှာ အသင်းအပင်း ဖွဲ့စည်းရေးအတွက် ကန့်သတ်တဲ့ တင်းကျပ်မှုတွေ၊ အထူးသဖြင့် ငွေဒဏ်ချမှတ်မှု မြန်မာ့အသိုင်းအဝိုင်းမှာ တွေ့ရလေ့ရှိတဲ့ အလွတ်သဘော အဖွဲ့အစည်းတွေကိုတောင်မှ ကန့်သတ်တဲ့ သဘောတွေ ပါဝင်ခဲ့တာမို့ ကျမတို့အနေနဲ့ အဖွဲ့အစည်းပေါင်းစုံ စုဝေးပြီး တညီတညွတ်ထဲ ကန့်ကွက်ခဲ့ပါတယ်။”

“ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့တွေ အားလုံး စုပြီး ပိုပြီးကောင်းတဲ့ ဥပဒေကြမ်းဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခု ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာက အကြံဉာဏ်တွေကိုလည်း ကျမတို့ ရယူခဲ့ ပါတယ်။ အဲဒီကရတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကျမတို့ရဲ့ အကြံဉာဏ်တွေကို အစိုးရဌာနတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေငှတင်ပြခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီဥပဒေမူကြမ်းဟာ ကျေနပ်လောက်စရာ ဖြစ်နေပြီး လွှတ်တော်မှာ အချေအတင် ဆွေးနွေးဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတာ ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။”

ဒီလို အောင်မြင်မှုတွေ ရရှိဖို့အတွက် ပြည်တွင်းက ကြိုးပမ်းဆောင်ရွက် အားထုတ်မှုတွေအပြင် နိုင်ငံတကာက ပံ့ပိုးထောက်ပံ့မှုတွေလည်းပဲ အင်မတန် ထိရောက်ခဲ့တယ်လို့ သူက ကျေးဇူးတင်စကားပြောရင်း ထောက်ပြသွားပါတယ်။ ဒီလို နိုင်ငံတကာက ပံ့ပိုးထောက်ပံ့တယ်ဆိုတဲ့နေရာမှာ စီးပွားရေးအရ ထောက်ပံ့ကူညီတာထက် သံတမန်ရေးအရ ပံ့ပိုးမှုက ပိုပြီး အရေးကြီးတယ်လို့လည်း မခင်လေးက ဆိုပါတယ်။

“နိုင်ငံတကာရဲ့ နိုင်ငံရေးအရ အားပေးမှုတွေဟာလည်း အလွန် အရေးပါခဲ့ပါတယ်။ တခါတလေမှာ နိုင်ငံတကာ သံတမန်ရေးအရ ပူးပေါင်းကူညီမှုတွေနဲ့ ဆုပေးဒဏ်ပေး သဘောမျိုး ဆောင်ရွက်ချက်တွေဟာ ငွေကြေးထောက်ပံ့မှုတွေထက်တောင် ပိုပြီး ထိရောက်ခဲ့ပါတယ်။ ဒီအသင်းပင်း ဖွဲ့စည်းရေး ဥပဒေ အတည်ပြုနိုင်ပြီဆိုရင် လူမှု လူ့အဖွဲ့အစည်းတွေလည်း ပိုမို ရှင်သန်လာမှာပါ။ ဒါပေမဲ့လည်း ဒီလိုခိုင်မာတဲ့ လွတ်လပ်တက်ကြွတဲ့ လူမှု လူ့အဖွဲ့အစည်းတွေရဲ့ တန်ဖိုးကို အစိုးရက တန်ဖိုးထား မြေတောင်မြှောက် မပေးသရွေ့တော့ နိုင်ငံတွင်းမှာ နစ်နာနေရဦးမှာပါပဲ။”

ဒီမနေ့ကပြုလုပ်တဲ့ အဲ့ဒီ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ အဲ့ဒီသဝဏ်လွှာကို ကုလသမဂ္ဂ တွဲဘက်အတွင်းရေးမှူးချုပ်ဖြစ်တဲ့ မစ္စတာ အေလီယာစင် က ဖတ်ကြားသွားခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းရဲ့ သဝဏ်လွှာထဲမှာလည်း လူ့အခွင့်အရေး အခြေအနေ လူမှု အဖွဲ့အစည်းတွေ၊ ကမ္ဘာပေါ်မှာ အခုအခါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ စိန်ခေါ်မှုတွေ အသစ်အသစ်တွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရတွေအနေနဲ့ လူထုအသံကို နားထောင်ပြီး လူ့အဖွဲ့အစည်းတွေနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ဖော်ပြသွားပါတယ်။
XS
SM
MD
LG