သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းဆေးရုံ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ


ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ကြေညာ
ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ကြေညာ

မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ကောလင်းဆေးရုံကို ဖေဖော်ဝါရီလ ၉ ရက်၊ သောကြာနေ့က စစ်ကောင်စီတပ်တွေ လာရောက်ဗုံးကြဲခဲ့တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ၉ ရက်နေ့၊ ညနေ ၃ နာရီအချိန်လောက်မှာ ကောလင်းမြို့ ဆေးရုံကို ဗုံးလာကြဲ တိုက်ခိုက်သွားတာ ရှိပါတယ်။ လူနာတွေအနေနဲ့တော့ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အဦးကတော့ လုံးဝရစရာမရှိအောင် ပျက်ဆီးသွားတဲ့ အခြေအနေ ရှိပါတယ်။”

အရပ်သားတွေရှိတဲ့ ဆေးရုံဆေးခန်းတွေပါမရှောင် စစ်ကောင်စီက အခုလို တိုက်ခိုက်နေတာလို့လည်း သူက ပြောပါတယ်။ အာဏာသိမ်း ၃ နှစ်တာကာလအတွင်း တိုက်ခိုက် ဖျက်ဆီးခံရတဲ့ ဆေးရုံဆေးခန်းနဲ့ ဆေးဝန်ထမ်းတွေ ရာနဲ့ချီ ရှိတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေကလည်း ထုတ်ပြန်ထားပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ဒီလ အစောပိုင်းကစလို့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ကောလင်းရဲ့ အစိတ်အပိုင်း အတော်များများကို ပြန်လည်သိမ်းယူထားနိုင်တဲ့အကြောင်း စစ်တပ်သတင်းတွေကို ဖော်ပြတဲ့ အွန်လိုင်းသတင်းတချို့မှာ ဖော်ပြပေမဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတော့ မြို့ကို သူတို့ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း ပြောပါတယ်။

ကောလင်းတဝိုက် တိုက်ပွဲတွေ သီတင်းပတ်နဲ့ချီ ပြင်းထန်နေသလို၊ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ ကတော့ လောလောဆယ်အချိန်အထိ နှစ်ဘက်စလုံးက ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒေသခံတွေ အများအပြား ကတော့ စစ်ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။ တချိန်တည်းမှာပဲ ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အရပ်သား ပြည်သူတချို့ သေဆုံးတာရှိသလို၊ ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

XS
SM
MD
LG